Saturday, December 25, 2010

Be yourself

“In a world where you can be anything, just be yourself” အဲ့ဒီဆောင်ပုဒ်လေးကို နန်ကီတို့အဆောင်ရဲ့ lady -room ကိုသွားတိုင်း မြင်ရပါတယ်။ ladyroom ကြီးမှာဆိုတော့ ကြားရင်ရီစရာကြီးပေါ့။ အဲ့ဒီဆောင်ပုဒ်လေးက နန်ကီ မျက်နှာ သစ်နေကျနေရာရဲ့ မှန်ရှေ့တည့်တည့်မှာကပ်ထားတာ။ ဘယ်သူက ကပ်တာလဲဆိုတော့ နန်ကီ မဟုတ်ပါဘူး။ နန်ကီတို့အဆောင်ရဲ့ အဆောင်မှုးကကပ်ထားတာပါ။ အဲ့ဒီ sticker လေးကို Dollar စတိုးဆိုင်မှာ 1 ဒေါ်လာပေးပြီးဝယ်လာတာ။ တန်ဖိုးအရပြောမယ် ဆိုရင်တော့တန်ဖိုးအဲ့လောက်မရှိဘူးရော်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲပေးနိုင်တယ်လို့ထင်ပါတယ်။ ဥပမာ နန်ကီပါ့။ နန်ကီက ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပြီး အားငယ်တတ်လေ့ရှိတယ်။ ထားပါတော့။ လူတွေရဲ့အကျင့်က မြင်ချင်တာကို သာရွေးမြင်ပြီး မမြင်ချင်တာဆိုရင် ရှေ့ကိုတည့်တည့်လာချပြတာတောင်မမြင်ကြဘူး။ အဲ့ဒီဆောင်ပုဒ်လေးကိုကပ်တုန်းကတော့ ကပ်ကြတယ်။ ကပ်တုန်းကလည်း ဘယ်နေရာမှာကပ်ရင်ကောင်းမလဲဆိုပြီး ရွေးနေလိုက်ကြတာ။ တကယ်တည်းကျတော့ နောက် ပိုင်းမှာ အဲ့ဒီဆောင်ပုဒ်လေးကို ဘယ်သူမှတောင်မကြည့်ကြတော့ဘူး။ နန်ကီကသာကြောင်တောင်တောင်နဲ့ မိုးလင်းတိုင်း၊ မိုးချုပ် တိုင်း အဲ့ဒီမှန်ရှေ့မှာ မျက်နှာသစ်ပြီး အဲ့ဒီဆောင်ပုဒ်ကိုကြည့်ပြီးအတွေးနယ်ချဲ့နေတာ။


ဆောင်ပုဒ်အကြောင်းပြောတယ်ဆိုလို့ဆရာကြီးပေါ့၊ဆရာလုပ်တော့မယ်ပေါ့လို့မထင်ပါနဲ့။ ပတ်ဝန်းကျင်မှာ မြင်နေတာလေး ကိုအဲ့ဒီဆောင်ပုဒ်လေးနဲ့တိုက်ကြည့်ရင် တော်တော်လေးကီးကိုက်တာကိုတွေ့ရတယ်။ ဒီဆောင်ပုဒ်လေးကိုကြာကြာကြည့်ရင်း  နန်ကီ ခံယူထားတာကတော့ လူဆိုတာကိုယ်ဖြစ်လာတဲ့ပေါ်မှာ ကျေနပ်တတ်၊ဂုဏ်ယူတတ်ရင်အကောင်းဆုံးဖြစ်လာမယ်ထင်တယ်။ကိုယ်ပြင်နိုင်တာဆိုလို့ကိုယ့်ရဲ့အနာဂါတ်ပဲရှိတာမဟုတ်လား။ မရှိတော့တာကိုအရှိလုပ်နေမယ့်အစားမရှိသေးတာကို ရှိအောင်လုပ် ရင်ပိုကောင်းမယ်မထင်ဘူးလား။အခုလူတွေကဘယ်လိုဖြစ်လာလဲဆိုတော့ ကိုယ်ဖြစ်နေတဲ့အရာပေါ်မှာမကျေနပ်ကြဘူး၊အကောင်း မမြင်ကြဘူး။ ဒီတော့တခြားလူဒါမှမဟုတ် အရာကိုလိုက်တုဖို့စဉ်းစားကြတယ်။ ဒါမှမဟုတ် ကိုယ်မ၀င်ဆံ့နိုင်တဲ့နေရာမှာ ၀င်ဆံနိုင်ဖို့ အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုကိုယ်ယုံကြည်ချက်မရှိတော့ဘဲ သူများပြောတိုင်းလုပ်၊ သူများပြောတာကိုမှ အကောင်းလို့မြင် လာကြတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် သူများလွှမ်းမိုးတာကိုလွယ်လင့်တကူလက်ခံလာကြတယ်။


ဥပမာပြောရမယ်ဆိုရင် နန်ကီ လတ်တလောဖြစ်သွားတဲ့ပြသနာလေးပေါ့။ နန်ကီရဲ့ facebook ပေါ်မှာတင်ထားတဲ့ဓါတ်ပုံ တွေအခိုးခံရတယ်။ နန်ကီ ရဲ့အမှားလည်းပါပါတယ်။ နန်ကီ့ ဓါတ်ပုံတွေကို private မလုပ်ထားမိဘူး။ အခုခေတ်မှာ photoshop နဲ့ဖြတ်ညှပ်ကပ်ကြတယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘယ်လောက်ပဲတော်တော် ဖြတ်ညှပ်ကပ်တာကသိကိုသိသာတာပဲ။ အဲ့ဒီအ တွက်ဘာမှစိတ်မပူမိဘူး။ ဒါပေမယ့် မထင်ထားတာလေးတစ်ခုက နန်ကီ ဓါတ်ပုံကိုခိုးတဲ့သူက မိန်းကလေးဖြစ်နေတယ်။ နန်ကီ အဲ့ဒီမနက်က သူငယ်ချင်းတစ်ယောက်က facebook ပေါ်မှာ အဲ့ဒီကောင်မလေးရဲ့ Link ကိုပေးပြီး "ဒါနင့် ဓါတ်ပုံမလား" ဆိုပြီး wall မှာတင်ပေးသွားတယ်။ အဲ့ဒီမနက်ကပဲ နန်ကီ ကစာမေးပွဲရှိလို့ ညကလည်းစောစောအိပ်ပြီး မနက်စာထကျက်မယ်ပေါ့။ အဲ့ဒီ link လေးလည်းမြင်ရော ဟာကတည်းဖြစ်သွားတယ်။ အဲ့ဒီ Link ကိုဝင်ကြည့်လိုက်တော့ ကောင်မလေးဆိုတော့ အော်တော်ပါ သေးရဲ့ပေါ့။ အဲ့ဒါနဲ့ ဓါတ်ပုံတွေကို comment ပေးထားတဲ့သူတွေကို လိုက် add။ ပြီးတော့ USမှာရောက်နေကြတဲ့ သူငယ်ချင်း တွေကိုလည်းဘယ်လိုလုပ်ရမလဲလှမ်းမေးရတာပေါ့။ သူငယ်ချင်းတစ်ယောက်က အဲ့ဒီကောင်မလေးရဲ့ Link မှာ block/report this person လုပ်ဖို့အကြံပေးတယ်။ အဲ့ဒါနဲ့ နန်ကီ ကိုယ်တိုင်လည်းလုပ် တခြားသူတွေကိုလည်းအသိပေးဖို့ ဓါတ်ပုံတွေရိုက် upload တွေလုပ်နဲ့တမနက်လုံးအလုပ်တော်တော်ရှုပ်သွားတယ်။ စာကျက်ခန်းမရောက်လိုက်ဘူး။ သူငယ်ချင်းတွေ တော်တော် များများကကူညီပြီးလုပ်ပေးကြပါတယ်။ နန်ကီ ပြောမထွက်လောက်အောင်ကျေးဇူးတင်လိုက်တာ။ မနက်မိုးလင်းခါနီးလောက်မှာ အဲ့ဒီကောင်မလေးနဲ့တော်တော်ရင်းနှီးတဲ့ လူသစ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့အဆက်အသွယ်ရလိုက်တယ်။ သူ့ကိုပြောတော့ သူကမယုံချင်ဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ အဲ့ဒီကောင်မလေးက online ပေါ်မှာတော်တော်လေးရင်းနှီးပုံရတယ်။အဲ့ဒီ ကောင်မလေးကနန်ကီ့ရဲ့ဓါတ်ပုံကိုပြပြီးရည်းစားတောင်ရနေပြီလို့ပြောတယ်။ အဲ့ဒီကောင်မလေးရဲ့ရည်စားကလည်း သူရဲ့ သူငယ် ချင်းပဲတဲ့။ နန်ကီ သူနဲ့တွေ့တာတော်တော်ကံကောင်းသွားတယ်။ အဲ့ဒါနဲ့ သူက "စိတ်မပူနဲ့ သူဝန်ခံစေရမယ်။ နို့မိုဆိုရင် လူသစ် အကြောင်းသိသွားမယ်" လို့ပြောတော့ တော်တော်လေးစိတ်သက်သာသွားတယ်။ ပြီးတော့ နန်ကီ ရဲ့အခန်းဖော်ကလည်း သူရဲ့ profile မှာတင်ထားတဲ့နန်ကီ့ ရဲ့ဓါတ်ပုံတွေကို နန်ကီ နာမည်နဲ့ tag လိုက်လုပ်ဖို့အကြံပေးတယ်။ အတိုချုပ်ရမယ်ဆိုရင်တော့ နန်ကီ့ ရဲ့ဓါတ်ပုံတွေသူရဲ့ profile မှာမရှိတော့ဘူးပေါ့။ နောက်တစ်ပတ်လောက်ကြတော့ သူရဲ့ account တောင်မရှိတော့ဘူး။ သူ account အသစ်တစ်ခုပြန်လုပ်လိုက်တယ်ပေါ့။


တစ်ခုထပ်ပြောချင်တာက နန်ကီကဓါတ်ပုံအခိုးခံရလောက်အောင်အရမ်းလှတဲ့သူမဟုတ်ပါဘူး။ နန်ကီ ခံယူထားက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမယ်၊ အားလုံးပေါ်မှာ မှန်ကန်တဲ့စိတ်ထားလေးထားတတ်မယ်ဆိုရင် လူကမပြင်ဘဲလည်းလှနေတာပဲ။ ပြီးတော့ လူတိုင်းလူတိုင်းမှာ ချစ်စရာကောင်းတဲ့အရာလေးတွေရှိကြပါတယ်။ အဓိကကတော့ ကိုယ့်ကိုကိုယ်တန်ဖိုးမြတ်နိုးထားပြီး be yourself ဖြစ်ဖို့ပါပဲ။ တခြားနည်းနဲ့ပြောရရင် self-esteem လေးတွေရှိကြဖို့ပါ။ လူတိုင်းကို ဓါတ်ပုံတွေတင်ပါလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် တင်မယ်ဆိုရင် ကိုယ်ရဲ့ဓါတ်ပုံအစစ်အမှန်ဖြစ်ဖို့အရေကြီးပါတယ်။ မလှလို့ ရုပ်ဆိုးလို့ အပစ်အပယ်ခံရမယ် ဆိုတာ အတိုင်းအတာတစ်ခုအထိပဲမှန်ပါလိမ့်မယ်။ ဒါပေမယ့် သူများဓါတ်ပုံကိုပြပြီး ကိုယ်ပါလို့ပြောတာကတော့ လူများအလယ်မှာ အရှက်ကွဲသလို ကိုယ့်ကိုကိုယ်လည်းတန်ဖိုးမထားရရောက်ပါတယ်။ စိတ်ထားလေးကဖြူစင်ရင် ဘယ်သူမှရုပ်မဆိုးပါဘူးလို့ နန်ကီ ပြောချင်ပါတယ်။ "Beauty is the eye of the beholder" ဆိုတာလေးတောင်ရှိသေးတာပဲ။ အလှဆိုတာ တကယ့်ကို ကြည့်သူရဲ့ မျက်လုံးပေါ်မှာမူတည်ပါတယ်။



အဲ့လိုပြောရင်းဘာကိုသွားသတိရလဲဆိုတော့ ရည်းစားတွေရှေ့မှာမပြောသင့်တဲ့စကားလေးတစ်ခွန်းပေါ့။ website တစ်ခုမှာဖတ် ဖူးတယ်။ ကိုယ့်ရည်းစားရှေ့မှာ ကိုယ့်ကိုကိုယ် "ကျွန်မရဲ့ နှုတ်ခမ်းကလေရုပ်ဆိုးလိုက်တာ၊ ကျွန်မအရမ်းဝနေတယ်" ဆိုတာမျိုး တွေမပြောသင့်ဘူးလို့ဖတ်ရပါတယ်။ ကိုယ်ကိုတိုင်က ကိုယ့်ကိုကိုယ်ယုံကြည့်မှုမရှိဘူးဆိုရင် သူများရဲ့ အမြင်က အလိုလို ပြောင်းသွားတာပါ။ လူတွေကြားမှာ ရေပန်းစားတယ်၊ popular ဖြစ်နေတယ်ဆိုတဲ့သူတွေကိုကြည့်လိုက်ရင် သူတို့က အရမ်းလှ နေလို့မဟုတ်ပါဘူး။ သူတို့ကသူတို့အလှအပ၊ အရာအားလုံးနဲ့ပတ်သတ်ပြီးများသောအားဖြင့် ယုံကြည်မှုရှိတယ်။ အဲ့ဒီတော့ ဆက် ဆံရေးမှာအောင်မြင်ကြတာပေါ့။ မင်းသား၊ မင်းသမီးတိုင်းဟာလည်း ချောလွန်းလို့မဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ အလှအပနဲ့ ပတ်သက်ပြီး တော်တော်လေးယုံကြည်မှုရှိကြတယ်။ (ဒီမှာ platistic surgery အကြောင်းမပြောလိုပါ) နိုင်ငံခြားမင်းသမီးတွေ က ဘာလို့ နန်ကီ တို့မြန်မာနိုင်ငံက မင်းသမီးတွေထက်ပိုပြီး နာမည်ကြီးကြတာလဲ။ အဲ့ဒီမှာလည်း "be yourself" ဆိုတာလေး ကိုပဲထပ်ပြောချင်ပါတယ်။ Model shows တွေကြည့်ရင် ပိုသိသာပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် နိုင်ငံခြားက show တွေမှာလိမ်းထားတဲ့မိတ်ကပ်၊ ၀တ်ထားတဲ့အ၀တ်အစားက ဆန်းပြားလွန်းတော့ များသောအားဖြင့်ကြည့်လို့မကောင်းပါဘူး။ ဒါပေ မယ့် သူတို့လမ်းလျှောက်လာပြီဆိုရင် မိုက်တယ်လို့ထင်မိကြတယ်မဟုတ်လား။ နန်ကီ တွေ့ဖူးတဲ့ မြန်မာပြည်က နာမည်ကြီးတိုင်း တောင် ဘယ်လောက်လှအောင်ပဲပြင်ပြင် show မှာ ကိုယ့်ကိုကိုယ့်ယုံကြည်မှုအပြည့်နဲ့မလျှောက်နိုင်ကြဘူး။ "be yourself" ဆိုတာဖြစ်ဖို့တော့မလွယ်ဘူးပေါ့။ ဒါပေမယ့် အထက်မှာပြောသွားသလိုပေါ့၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးအရာကို တန်ဖိုးမထားမိ တာမျိုးတော့ မဖြစ်စေချင်ဘူး။ နန်ကီ ကကော ကိုယ့်ကိုကိုယ်ယုံကြည်မှုတော်တော်ရှိတယ်ပေါ့လို့ပြောရင် ဟင့်အင်းလို့ပြောမိမှာပါ။ နန်ကီ US မှာ နိုင်ငံခြားသားတွေကြားထဲမှာကျောင်းလာတတ်ရတယ်။ နန်ကီ အရပ်လေးက 5 ပေကျော်ကျော်လေးရယ်။ နန်ကီ ရဲ့အရပ်နဲ့ လူကောင်ကိုဟားတိုက်ရယ်ကြတဲ့လူတွေအများကြီး၊ အတင်းပြောကြတဲ့မိန်းကလေးတွေအများကြီး။ ဒါပေမယ့် စဉ်းစား ကြည့်ရင် ကိုယ်ကသူတို့ရဲ့ attention ကိုအလိုလိုရပြီးသားဖြစ်သွားပြီ။ လူတွေကြားထဲမှာ ပိုပြီးမှတ်မိလွယ်သွားတာပေါ့။ "လူပု တော့ နုတာပေါ့" ပြန်ပြောပြီး နန်ကီ ပြုံးပြုံးလေးနေတတ်သွားပြီပေါ့။


နောက်ပြီး နန်ကီ ရဲ့ပတ်ဝန်းကျင်မှာမြင်ရတဲ့ဖြစ်ရပ်လေးတစ်ခုပေါ့နော်။ နန်ကီ ရဲ့အခန်းဘေးကကောင်မလေးက တော်တော်လေးဝ တယ်။ သူဝိတ်ချဖို့ကိုဆရာဝန်တွေနဲ့တောင် တိုင်ပင်ပြီးလုပ်တယ်။ ဒါပေမယ့် မျိုးရိုးအရ၀တာကို ဘယ်လိုမှ ရိုးရိုးတန်းတန်း ပြင်ဖို့ ဆိုတာမဖြစ်နိုင်ဘူးလေ။ သူရဲ့ဝိတ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ သူကိုယ်သူယုံကြည့်မှုမရှိဘူး။ နန်ကီ ပြောချင်တာက နန်ကီလည်း တကယ်ဝဖူးပါတယ်။ ၀လို့ဖြစ်တာတဲ့ stress ကိုလည်းနားလည်ပါတယ်။ ဒါပေမယ့် US မှာ လူ 100 လောက်မှာ 95% လောက် က၀ကြတာပါပဲ။ ဒါကဘာမှအဆန်းမဟုတ်တော့ဘူး။ နောက်ပိုင်းမှာ နန်ကီ့ အဆောင်က မိန်းကလေးတွေက သူနဲ့ အပေါင်း အသင်းမလုပ်ချင်ကြတော့ဘူး။ သူက၀နေလို့မဟုတ်ပါဘူး။ နန်ကီ့ ရဲ့အခန်းဖော်ကအမြဲပြောသလိုပေါ့ "she is always trying to be someone else"။ သူကိုလူတွေသတိပြုမိစေချင်ပြီး နှာခေါင်းမှာအပေါက်ဖောက်တယ်၊ tattoo တွေထိုးတယ်၊ အရမ်း အေးတဲ့ရာသီဥတုမှာ legging တွေဝတ်တယ်။ နောက်ပြသနာတစ်ခုရှိသေးတယ်။ နန်ကီ တို့ထမင်းသွားစားပြီဆိုရင် သူက ဘယ်တော့မှအများကြီးမယူဘူး။ နန်ကီ တို့ကတော့ လူကောင်သေးပြီးတော်တော်စားတယ်ပဲပြောပြော အဓိကက ကိုယ်ဗိုက်ပြည့် ပြီး နေလို့ထိုင်လို့ကောင်းသွားဖို့ပဲ။ ကိုယ်က စာဖတ်ရဦးမယ်၊ အားရှိဖို့လိုတယ်။ ဗိုက်မပြည့်သေးဘူးဆိုပြီး တစ်ယောက်က သူနဲ့မ လိုက်ဘူးဆိုရင် ဘယ်တော့မှထပြီး ထပ်သွားမယူဘူး။ သူငယ်ချင်းတွေက သူ့နောက်လိုက်လိုက်ပေးနေရတော့ ကြာတော့လည်း စိတ်ရှုပ်လာတာပေါ့။ တစ်ခါတစ်လေ သူစားမယ့်ဟာကိုသူများကသယ်ပေးရသေးတယ်။ တခြားသူတွေကသူ့ကိုကြည့်ပြီး တစ်မျိုး ထင်မှာစိုးလို့တဲ့။ ကြာတော့ သူငယ်ချင်းတွေကြားမှာပြောစရာဖြစ်လာတယ်။ နန်ကီ တို့အဆောင်က ကောင်မလေး တစ်ယောက် ပြောတာကို နန်ကီ တော်တော်လေးသဘောကျသွားတယ်။ သူကလည်းဝပါတယ်။ သူပြောတာက " ကိုယ်က ကိုယ့်ကိုကိုယ် တောင် ယုံကြည်မှုမရှိဘူးဆိုရင် လူတွေကပိုလှောင်ချင်စရာဖြစ်မှပေါ့။ ကိုယ့်ကိုကိုယ့် ယုံကြည်မှုရှိနေရင် ဘယ်သူမှကိုယ်ဝတာကို သတိထားမိမှာတောင်မဟုတ်ဘူး။ လူတွေက ကိုယ့်ကို သူလိုကိုယ်လိုပဲခံစားမိသွားမှာ" တဲ့။ နန်ကီ ကတော့ အရမ်းမှန်တယ် လို့ထင်တယ်။



ဒါကြောင့် ဒီဆောင်ပုဒ်လေးအတိုင်း ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်ဖန်တီးနိုင်တဲ့လောကကြီးမှာ ကိုယ့်ကိုကိုယ်ယုံကြည့်ပြီး be ourself ဖြစ်နေဖို့ကအရေးအကြီးဆုံးပါပဲ။ အားငယ်မှု၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိအောင်ဘယ်သူကမှလုပ်တာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ကလုပ်နေတာပါ။ အရာတစ်ခုကြောင့် ကိုယ့်ကိုကိုယ်အားငယ်မှုတွေခံစားရပြီဆိုရင် ခေါင်းမော့ပြီး နန်ကီ ပြောလိုက်တဲ့ "be yourself" ဆိုတာလေးကိုသတိရနေစေချင်ပါတယ်။ နန်ကီ ဒီဆောင်းပါးလေးကို ကိုယ်တိုင်မြင်တွေ့ပြီး ထင်တာမြင်တာ လေးကိုရေးလိုက်တာပါ။ မှားရင်လည်းမှားမှာပေါ့။ နန်ကီ အတွက်တော့ ဒီခံယူချက်လေးက တော်တော်လေး အကူအညီ ပေးပါတယ်။
nunki (နန်ကီ)


(ကိုယ်တိုင်ရေးဖြစ်ပါတယ်။ copy မဟုတ်ပါ။ copy ကူးယူခြင်းမလုပ်ပါရန်တောင်းဆိုအပ်ပါတယ်။)

1 comments:

Unknown said...

ထာဝရအေးချမ်းမှုများနဲ့ပျော်ရွှန်ပါစေ...

Post a Comment

 
;