Sunday, January 8, 2012 2 comments

လူငယ်တစ်ယောက်ရဲ့ ကလေးဆန်တဲ့အတွေး


ငယ်စဉ်ဘ၀ဆိုတာ ဘယ်တော့မှ မေ့မရနိုင်သလို တစ်ချို့ဟာ တွေကို ကျွန်မ ထပ်ပြန်တလဲလဲလုပ်နေတုန်းပဲ။ မကောင်းတဲ့ အရာတွေအများကြီးပါတာပေါ့။ ကလေးဘ၀မှာ မသိတဲ့ စိတ် တစ်ခုနဲ့ လုပ်ခဲ့တယ်။ ကြီး လာတော့ သိသိရက် မိုက်တယ်။  မိုက်ပြီး နောင်တမရတတ်တာလည်း မကောင်းတဲ့ အကျင့် တစ်ခုပဲနေမယ်။



ကျွန်မ ၅ နှစ်သမီးလောက်တုန်းက တခြားကောင်မလေး ပိုက်ထားတဲ့ ဘာဘီရုပ် ကို ငေးကြည့်ဖူး တယ်။ ကျွန်မ မိဘတွေက မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တာ မဟုတ်သလို အခုလည်း အရမ်းအ ချမ်းသာကြီးထဲက မဟုတ်ပါဘူး။ အလုပ်များ တဲ့ မိဘကို ပူဆာလို့လည်း မရဘူးဆိုတာ သိခဲ့လို့ လားမသိ။ ကျွန်မ ချွဲချွဲနွဲ့နွဲ့ မပူ ဆာခဲ့ဘူး။ ရပ်ကြည့်ရုံနဲ့ အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်။ အဲ့တုန်း က မှတ်မိသေး တယ်။ အမေက မေးပါတယ်။ "သမီး ဘာလို့စိုက်ကြည့်နေတာလဲ" တဲ့။ "လိုချင် လို့ပေါ့" လို့ဖြေခဲ့ဖူးတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ လှပတာကို သဘောကျတတ်ပြီပေါ့။ အမေနဲ့ ရှာ့ပင်ထွက် လိုက်လေ့ရှိ တယ်။ တစ်ရက်တော့ ဆိုင်တစ်ဆိုင်မှာ ချိတ်ထားတဲ့ ကလစ်အတွဲလိုက်ကို ကျွန်မ သဘောကျစွာကြည့်နေ မိတယ်။ အဲ့ဒီ ကလစ်ဆိုင်ကလည်း တစ်ခုချင်းမရောင်းဘူးတဲ့။ ၀ယ်မယ် ဆိုရင် ၁၂ ခု တစ်ဒါဇင်လုံး ၀ယ်ရ မှာပေါ့။ ဒါပေမယ့် ဖဲပြားပုံလေးနဲ့ အရောင်စုံကလစ်ထဲမှာ ကျွန်မက လိမ္မော်က လစ်လေးကို သဘောကျနေ ခဲ့တာ။ မျက်လုံးထဲမှာ အရောင်တလက်လက်နဲ့ အရမ်းကိုလှနေတာပေါ့။ တသသပွတ်ရင်း အနားကကို မခွါနိုင်ခဲ့ ဘူး။ လိုအင်ကို သိတဲ့ ကျွန်မအမေက အဲ့ဒီ့ ကလစ် ၁၂ ခုလုံးကို ကျွန်မအတွက်ဝယ်ပေးခဲ့ပါတယ်။ ကျွန်မသိပ်ပျော်ခဲ့တာပေါ့။ တခြားအရောင်တွေ တစ်ခုပြီး တစ်ခုဝတ်ခဲ့ တယ်။ လိမ္မော်ရောင်လေးကလွဲလို့ ပေါ့။

တစ်ရက်တော့ ကျွန်မ တူလေးတစ်ယောက် အိမ်ကိုလာလည်တယ်။ သူက ယောင်္ကျား လေးဆိုပေမယ့် မိန်း ကလေး အလှပြင်ပစ္စည်းတွေ သိပ်ကြိုက်တာ။ ကျွန်မ မသိလိုက် ခင်မှာပဲ ကျွန်မရဲ့ လိမ္မော်ရောင် ကလစ်လေး က သူ့ခေါင်းပေါ်ရောက်နေပီ။ ချွတ်ခိုင်း တော့လည်း အော်ငိုနေတော့တယ်။ သူတို့က ကျွန်မ ဒီအရောင်ကို မကြိုက်လို့ မသုံး ဘဲထားတယ်ထင်နေခဲ့တာ။ ဒါပေမယ့် သူတို့မသိတာက အဲ့ဒီ့ ကလစ်လေးကို ကျွန်မ မြတ်နိုးလွန်းလို့ မသုံးရက်ခဲ့ဘူးဆိုတာပါပဲ။


ကျွန်မ ၁၃ နှစ် အရွယ်လောက် ရောက်လာတော့ သူငယ်ချင်းတွေ အပြိုင်အဆိုင် စီးတဲ့ စက်ဘီးလေး ကိုလို ချင်လာပြန်ရော။ စက်ဘီးရဲ့ တန်ဖိုးက ဘယ်လောက်မှမရှိပေမယ့် စည်းကမ်းတင်းလှတဲ့ ကျွန်မ အဖေ က စိုးရိမ်မှုများစွာနဲ့ အသက် ၁၆ နှစ်မှ စက်ဘီးစီးရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ ဒါပေမယ့် ကလေးပီပီ ခိုးစီးခဲ့တာ လည်း အကြိမ်ပေါင်းမနည်း။ သူတို့ စက်ဘီးလေးပေါ်တက်ရတာကို ဖီးလ်တစ်ခု ဖြစ်ခဲ့တယ်။ အဲ့တုန်း က ကျွန်မ ၇ တန်းပေါ့။ အတန်း ထဲက သူအပြိုင် ငါအပြိုင် စားကြိုးစားခဲ့ရတဲ့အချိန်ပေါ့။ သူတို့ သားသမီးကို ရှယ်ခန်း A ခန်းဝင်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပဲ မဟုတ်ဘူး။ ၀င်တော့ရော ကျွန်မတို့ အသက်ရှုမချောင်ခဲ့ပါ ဘူး။ လူတော်တွေကြားမှာ တော်ဖို့ဆိုတာ သိပ်ခက်ပါတယ်။ ဒီလိုနဲ့ အဖေက ကျွန်မကိုပြောတယ်။ အတန်းထဲမှာ အဆင့် ၁ ကနေ ၃ ထိဝင်ရင် လိုချင်တဲ့ စက်ဘီးဝယ်ပေးမယ်တဲ့။ ကျွန်မ အရမ်းပျော်တာပေါ့။ အသက်ကုန်ကြိုးစားတာ။ သူငယ်ချင်းတွေနဲ့တောင် မကစားနိုင်ဘူး။ ဒါပေမယ့် ခြေချော်လက်ချော်နဲ့ အင်္ဂ လိပ်စာမှာ စာလုံးပေါင်းတစ်ခုမှားခဲ့ တယ်။ ကျန်တာက အမှတ်ပြည့်။ ၂မှတ် လောက်က အကြောင်းသိပ်မဟုတ်ပါဘူးလေ လို့ထင်ခဲ့တယ်။ တကယ်လည်း အဆင့်တွေထွက်လာတော့ အမှတ်ပြည့် သူငယ်ချင်းတွေက ၁၁ ယောက်။ အဲ့တော့ ကျွန်မ အဆင့်က ၁၂ ဖြစ်သွားခဲ့တယ်။ ၂ မှတ်ဆိုတာလေးက ကျွန်မရဲ့ ကြိုးစားမှု၊ မျှော်လင့်ချက်၊ အိမ်မက်တွေ အားလုံးကို ဖျက်ဆီးခဲ့တယ်။ ဆရာမအတွက် တခြားသူအ တွက်ကတော့ ၂ မှတ်တည်းပါ။ ကျွန်မအတွက်ကတော့ မျှော်လင့်ချက်တစ်ခုပါ။


ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရင်ခုန်တတ်လာတာပေါ့။ ကျွန်မ သူ့ကိုလိုချင်မိတယ်။ ဒါပေမယ့် ကျွန်မ ငယ်ငယ်တုန်းက ငေးကြည့်ခဲ့တဲ့ ဘာဘီလိုပဲ သူက ပိုင်ရှင်ရှိပြီးသားဖြစ်နေပြန်ေ ရာ။ လိုတာမရ ရတာမလို ဆိုတာ တကယ်ပါပဲ။ လိမ္မော်ရောင် ကလစ်လေးကို ငေးကြည့်ခဲ့သလိုပဲ ကျွန်မ သူ့ကိုငေးကြည့်ရုံက လွဲရင် ဘာမှမတတ်နိုင်ခဲ့။ ဒီလို ခံစားချက်တွေအတွက် လိုတာ မရတဲ့ကလေးတစ်ယောက်လို အော်ငိုရမှာတော့ ကျွန်မရှက် တတ်ခဲ့ပြီ။ တစ်ခါတစ်လေမှာ အဆင့်၁ရဖို့ ကြိုးစားရသလို သူ့ရဲ့ ချီးကျူးမှုတွေမှာ ကျွန်မ ကြိုးစား ရင်း ပျော်တတ်ခဲ့ပြီ။ လိုချင်ပြီဆိုရင် ဘယ်သူ ဘာပြောပြော လိုချင်နေမှာပဲမဟုတ် လား။ ဘယ်သူမှမလိုချင် လို့ ပစ်သွားတဲ့ ဘာဘီရုပ်ကို ကျွန်မ ကောက်ယူမှာဖြစ်သလို သူ့နားက အားလုံးထွက်ခွါသွားရင် တောင် ကျွန်မတစ်ယောက်တော့ရှိနေဦးမှာပဲ။ တခြားသူတွေအတွက်ကတော့ သူဟာ ရိုးရိုးတမ်းတမ်း ယောင်္ကျား တစ်ယောက်ပေါ့။ သူ့အတွက်လည်း ကျွန်မဟာ အရေးကြီးချင်မှကြီးမယ်။ ကျွန်မအတွက်ကတော့ သူဟာ ဘ၀တစ်ခုပေါ့။


nunki (နန်ကီ)

 
;