Sunday, June 19, 2011

အတွေးသန့်သန့်


Psycho ဆိုတာကို ဇီဇာကြောင်သည်ပြောလျှင် ကျွန်မရဲ့ အိပ်ရာဇီဇာက သိပ်ရယ်မောစရာကောင်းပါ လိမ့် မည်။ ကျွန်မအတွက် ပြီးပြည့်စုံတယ်လို့ ခံယူထားတဲ့ အိပ်ခန်းတစ်ခုတွင် ထိန်ထိန်လင်းနိုင်သော မီးအိမ်ရှိရ မည်။ ကျွန်မဘေးမှာ တစ်စုံတစ်ရာကနေ ကာကွယ်ပေးထားနိုင်တဲ့ ဖက်ခေါင်းအုံးကြီးကြီးတစ်လုံး လဲေ လျာင်းနေရမည်။ စိတ်ရဲ့လုံခြုံမှုကို အပြည့်အ၀ပေးနိုင်သော ဂျက်ချ ထားနိုင်သော တံခါး နှင့် ပြတင်းပေါက် များရှိရမည်။ ဘယ်လောက်ပဲပူအိုက်သည့်ရာသီဖြစ်စေ စောင်ပါးလေးခြုံထားမှ ဘ၀လုံခြုံမှု တစ်ခုရသည်ဟု ယူဆတတ်သော ကျွန်မရဲ့စိတ်အလိုအတွက် စောင်ပါးပါးလေးတစ်ခုလိုအပ်သည်။ အိပ်ရာဝင်ပြီဆို မီးအိမ် လင်း စေ၊ တံခါးအလုံပိတ်၊ စောင်ပါးပါးလေးခြုံပြီး ဖက်ခေါင်းအုံးကြီးကြီးအောက်တွင် ကျွန်မမျက်နှာကို လျှို့ဝှက်နိုင်ပြီဆိုရင် ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြေများသည်။

လောကကြီးက အလင်းတစ်လှည့် အမှောင်တလှည့် ပြောင်းလဲနေတာ သဘာဝဖြစ်သည်ကို ကျွန်မလက်ခံ ပါသည်။ သို့ပေမယ့် အမှောင်ချိန်တွေကို ကျွန်မ သိပ်ဆန့်ကျင်ချင်ပါသည်။ ဖြစ်နိုင်လျှင် အမှောင်ဆိုတဲ့ ကာလတစ်ခုကို အဖြူရောင်သုတ်ထားတဲ့ စုတ် ချက်ကြီးကြီးများနဲ့ ပရမ်းပတာ သုတ်ပစ်လိုက်ချင်မိသည်။ ဒါကို မဖြစ်နိုင်ဘူးလို့ နားလည်လာတဲ့အချိန်မှာ ကျွန်မရဲ့အခန်းလေး ကိုတော့ ညအမှောင်ကြီးစိုးလာချိန်တိုင်း အဖြူရောင်ဆေးသုတ်နိုင်သယောင်ရှိသောမီးလုံးလေးကို အမြဲထိန်လင်းစေခဲ့သည်။ ကောလိပ်တက်တော့ လည်း အိပ်ချိန်ရောက်ပြီဆိုရင် ကျွန်မရဲ့ အခန်းဖော် သက်ပြင်းချသံများကို ခဏခဏကြားခဲ့ရသည်။ ထို သက်ပြင်းသံမှာ ရိုးအီသယောင်ရှိသော်လည်း မတင်မကျစိတ်နဲ့ မသိချင်ယောင်ဆောင် အိပ်ရာဝင်ခဲ့သည့် ညမှာလည်း မနည်း တော့။ လူအများက တစ်ဦးနဲ့ တစ်ဦးအနိုင်ရဖို့ တကိုယ်ကောင်းဆန်ကြတဲ့အချိန်မှာ ကျွန်မကတော့ အိပ်ရာဝင်တိုင်း တကိုယ် ကောင်းဆန်ခဲ့ပါသည်။ အခန်းဖော်က "ပူတယ်ဟာ" ဆိုပြီး ပြတင်းပေါက်သွားဟတဲ့ညက ကျွန်မအိပ်မပျော်ပါ။ ကျွန်မရဲ့ မျက်လုံး များက ထို ပြတင်းပေါက်ကနေ ခွာမရဖြစ်ကာ ကျွန်မစိတ်များ ဂနာမငြိမ်ဖြစ်ခဲ့ဖူးသည်။ အခန်းဖော် အိပ်လောက်ချိန်စောင့်ကာ ခြေ သံဖွဖွလေးနဲ့ ပြတင်းပေါက်ကိုပိတ်ကာ မနက်ကျလျှင် မသိချင်ယောင်ဆောင်နေတတ်ခဲ့သည်။ သူကလည်း ကျွန်မဖွင့်ထားသော မီးကို ကျွန်မ အိပ်မောကျလောက်သည့်အချိန်တွင် ထထပိတ်တတ်သည်ကို သတိထားမိသည်။ အတင်းအလျော့လေးနဲ့မို့ ကျွန်မ အခန်းဖော်နှင့် တစ်ခါမှ စကားမများခဲ့ပေ။ ကျွန်မ ပြီးပြည့်စုံပြီ ဟုခံယူထားသော အိပ်ခန်းလေး ပိုင်ဆိုင်သရွေ့ ကျန်တာတွေက ကျွန်မအတွက်ပြဿနာမရှိ။ တစ်ခါက အခန်းဖော်နှင့် သူ့ သူငယ်ချင်း ၃ယောက်လောက် အခန်းထဲတွင် ဟားတိုက်ရယ်မော မိုးလင်းအောင် တွတ်ထိုးနေပေမယ့် တရှုးရှုးအိပ်ပျော်သောကျွန်မကို သူတို့ တအံ့တသြဖြစ်ကြသည်။ အကျဉ်းချုပ်ဆိုရလျှင် ပြီးပြည့်စုံတဲ့အိပ်ခန်းမဟုတ်လျှင် တိတ်ဆိတ်နေသည့်တိုင် မျက်လုံးပေကလပ် ပေကလပ်နှင့် မိုးလင်းမှ ကျွန်မအိပ်ပျော်တတ် သည်။

မိဘရင်ခွင်၊ နှစ်သက်လှသော အိပ်ခန်းလေးကို စွန့်ခွာပြီး အဝေးတစ်နေရာရောက်နေသည့် ကျွန်မအတွက် အိပ်ရာအပြောင်းအလဲ အမြဲရှိသည်။ အခု ကျွန်မအိပ်ရမည့် အိပ်ရာလေးသည် လွန်စွာတိတ်ဆိတ်သည်။ အိပ်ရာပေါ်လှဲပြီး ခေါင်းချလိုက်လျှင် ကျွန်မရှေ့တည့်တည့်က ပြတင်းပေါက်မှ ကောင်းကင်တစ်ခွင်မှ ကြယ်တာရာများကို မြင်နိုင်သည်။ ကျွန်မတွင် ခေါင်းခုအိပ်ရင် ခေါင်းအုံးတစ်ခုသာရှိသည်။ ကျွန်မအ ချမ်းကြောက်သည်ထင်၍ စောင်အထူကြီး တစ်ခုပေးထားသည်။ ကျွန်မခါင်းကို ၈၀ ဒီကရီလောက်မော့ မှ မြင်ရနိုင်သော ဟတတ တံခါးတစ်ချပ် ကျွန်မနှင့် မလှမ်းမကမ်းမှာရှိသည်။ ဒီအိပ်ရာလေးမှာ ကျွန်မ သေချာ အိပ်မပျော်သည်မှာ နှစ်ပတ်နီးပါးရှိပြီ။ အခန်းအနေအထားပြောင်းလဲဖို့ မဖြစ်နိုင်မှန်း နားလည် လိုက်တော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို နှစ်သိမ့်ရသည်။ မျက်လုံးဇွတ်မှိတ်ပြီး အိပ်ပျော်အောင်ကြိုးစား ရင်း ဇောချွေးပြန်ကာ စိတ်တိုရသဖြင့် လက်လျှော့လိုက်ရသည်။ ဒီတော့ သူများတွေ အိပ်ပျော်နေချိန်တွင် ကျွန်မ မျက်လုံးလေးစင်းကာ လက်သည်းဖတ်လေးတွေ ဟိုခွာဒီခွာနဲ့ အလုပ်မရှိအလုပ် ရှာနေမိတော့သည်။ မိုးလင်း သူများတွေနိုးချိန်တွင် ကျွန်မကတော့ အိပ်ရာထဲမှာ ခဏတာမျှ တရေးအိပ်နေပေလိမ့်မည်။

ဒီနေ့လည်း ထုံးစံအတိုင်း သူများတွေ နေ့လည်စာစားချိန်မှ ကျွန်မနိုးလာသည်။ မနက်စာကို မသိ ချင်ယောင်ဆောင်ပြီး နေ့လည် စာသာစားတတ်သော ကျွန်မကို အန်တီက မီးဖိုချောင်ထဲမှ အချိန်မှန်မှန် အစားစားဖို့ တတွတ်တွတ်ပြောနေသည်။ နေ့လည်စာ စားပီးတော့ သီချင်းနားထောင်ရင်း သစ္စာနီရဲ့ အခြားသောအရာများနှင့်လူ ဆိုသောစာအုပ်ကို ကောက်ကိုင်လိုက်သည်။ ပထမ ဆုံးဖြစ်တဲ့ သစ္စာနီရဲ့ "အိမ်နဲ့လူ" ဖတ်ပြီး မေးခွန်းတွေအများကြီး ခေါင်းထဲကျန်ခဲ့သည်။ အဲ့ဒီ့မှာ ပါတဲ့ အကြောင်းအရာတွေက ကျွန်မလို ဦးနှောက်အပြည့်အ၀မဖွံဖြိုးသေး  လောကအတွေ့အကြုံနည်းသေးသူ အတွက် မဖြစ်နိုင်ဟုယူဆသော လက်တွေ့ဆန် ဆန်ဖြစ်ရပ်တစ်ခုပါ။  သူ့လို နေ၀င်လာတိုင်း အိပ်ဖို့နေရာ တစ်ခုစာအတွက် ပူပန်နေရသော လူပေါင်းဘယ်နှစ်ယောက်လောက် လောကကြီးမှာရှိမလဲ။ ထိုလူတွေ အတွက် ဘာကြောင့် နေရာတစ်ခုက ခက်ခဲနေသလဲ။ အိပ်ရာတစ်နေရာအတွက် လုနေရသော လူတွေရဲ့ စိတ်ထဲမှာဘာတွေရှိနေနိုင်လဲ။ အိပ်ရာတစ်နေရာအတွက် သူငယ်ချင်းတွေဆီမှာ တောင်းခံရသော လူတစ်ယောက်ရဲ့ အားငယ်မှုဟာ ဘယ်လောက်ကြီးမားလိုက်မလဲ။ နောက်ဆုံး အတွေးက ကျွန်မ ဘ၀ဟာ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ အိပ်ရာဂျီးများနေသည့်ကျွန်မကို အဲ့ဒီ့ထဲက ဇာတ်ကောင်ကာရိုက် တာထဲထည့်ကြည့်လိုက်တော့ ကျွန်မအတွေးတွေ Blank ဖြစ်သွားသည်။ တနည်းအားဖြင့်ဆိုလျှင် တုန်လှုပ် စရာကောင်းသည်။

ကောလိပ်တုန်းက ထမင်းစားတိုင်း ကုန်အောင်မစားဘဲ လွှင့်ပစ်တတ်သော သူငယ်ချင်းအား ကျွန်မ စိတ်တိုခဲ့ဖူးသည်။ အစားစား တိုင်း စိတ်မပါလက်မပါနဲ့ စားစရာတွေကို ထိုးဖွနေသော သူငယ်ချင်းအား စိတ်လေးစွာကြည့်နေခဲ့ဖူးသည်။ ရေ၊ အအေးသောက် တိုင်း အရမ်းအေးလို့ ပူလို့ ဂျီးများတဲ့ သူငယ်ချင်းမကို စိတ်ပျက်စွာ ခေါင်းခါရမ်းဖူးသည်။ တခြားငတ်မွတ်မှုကြုံနေရသော တိုင်း ပြည်တွေက လူတွေ၊ ကလေးတွေကိုတွေးပြီး ကျွန်မပန်းကန်ထဲမှအစားကို ကုန်အောင်စားရင်း တိတ်တိတ်လေး ဂုဏ်ယူနေခဲ့ဖူး သည်။ သဘောက waste ကိုလျှော့ပြီး ပိုလျှံမှုက တခြားနိုင်ငံအတွက် အထောက်အကူဖြစ်နိုင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့ပေမယ့် အိပ်ရာနဲ့ ပတ်သက်ပြီး ကျွန်မထိုနည်းလည်ကောင်း မတွေးခဲ့ဖူး။ "အိမ်နဲ့လူ" ကိုဖတ်ပြီးနောက် မနေ့ညကမှ ချစ်သူ့အား အိပ်ရာအဆင်မပြေမှုတသီကြီးနှင့် complaint တက်နေခဲ့သော ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့မိသည်။ ကျွန်မတို့ ရှိလျှင် ရှိတာကို မတင်းတိမ်ဘဲ လိုချင်တာတွေသာ ရှာဖွေနေကြသည်။ မရှိသူများကတော့ တင်းတိမ်မှုများနဲ့ သူတို့ရဲ့ လိုအပ်ချက် ကို ဖြည့်ဖို့ကြိုးစားကြသည်။  ရေပိုလျှံသည့်နိုင်ငံက ကားရေဆေးရင်း ပိုက်ကြားက ယိုထွက်နေသည့်ရေလောက်ကို လျှစ်လျူရှုကြ သည်။ ရေရှားပါးသောနိုင်ငံက နောက်ကျိကျိဖြစ်နေသောရေ ကို သောက်ရေအဖြစ်ထားကာ မိုင်ပေါင်းများစွာလမ်းလျှောက်ပြီး သယ်ယူကြရသည်။ အစားအစာပေါ များသောနိုင်ငံက အလွန်အကျူးစားကြပြီး overweight တွေဖြစ်ကြတဲ့အချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အစားအစာရှားပါးမှု အာဟာရချို့တဲ့မှုနဲ့ လူပေါင်းများစွားသေကြေကြသည်။ ထိုသို့ ထိုသို့ အကြောင်းအရာ တိုင်း အိပ်ဖို့တစ်နေရာကို လမ်းဘေးမှာပဲဖြစ်ဖြစ်ရှာနေသောလူရှိသလို ကျွန်မလို အိပ်ရာ သက်သာရှိမှု လုံခြုံမှုနှင့် ဂျီးများနေသူများ လည်းရှိနိုင်သည်။ အိပ်ရာမဲ့နေသူများကို ပမာနထားပြီး ကျွန်မ အိပ်ပျော်အောင် အိပ်တော့မည်ဆိုလျှင် ခပ်ကြောင်ကြောင်အတွေး ဟု သမုတ်ကောင်းသမုတ်မည်။ ဒါပေမယ့် သေချာသည်မှာ စောင်းနေသော ကမ္ဘာကြီးကိုတည့်ရန် Balance တစ်ခုတော့လို သည်ဟု တွေးမိသောကြောင့်ဖြစ်သည်။

nunki (နန်ကီ)

0 comments:

Post a Comment

 
;