စာသင်ခန်းထဲမှာ ထိုင်နေရင်း စိတ်က ပျံလွင့်လျက်။ Psychology ဆရာမက "လူဆိုတာ နာကျင်မှု မရှိဘဲ အသက်ရှင်လို့မှ မရဘဲ" တဲ့။ ကျွန်မ ခေါင်းတစ်ချက် ညိတ်လိုက်တယ်။ နာကျင်မှုတွေ ဘ၀တစ်လျှောက်လုံး ရှိလာပေမယ့် မျှော်လင့်ချက် တစ်ခုတည်းနဲ့ လူတိုင်းဟာ အသက်ဆက်ရှင်ဖို့ အားတင်းထားကြတယ်လို့ ကျွန်မ ယူဆပါတယ်။ ကျွန်မလည်း ကျွန်မ ခံစားရတဲ့ နာကျင်မှုကို ဘယ်လောက် ခံနိုင်မယ်ဆိုတာ မသေချာ ပါဘူး။ တစ်ခါတစ်လေ ခဏတာ ပျော်ရွှင်မှုရဖို့ နာကျင်မှုနဲ့ အများကြီး ပေးဆပ်လိုက်ရတာမျိုး ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘယ်သူကတော့ လက်ထဲမှာ ဆူးတစ်ချောင်းစိုက်ပြီး သွေးတစ်စက်ပြီး တစ်စက် ကျနေတာတော့ လိုချင်ပါ့မလဲ။ ဆုပ်ကိုင်ထား ခံနိုင်မှု အတိုင်းအတာကို ကျော်သွားရင်တော့ လွတ်ချမိမှာပဲ။
နေ့သစ်သို့
"တခွက်ခွက်နဲ့ မြင်းကျနေတာပဲ" တဲ့။ ဒါ ကျွန်မ ၁၀ တန်းနှစ်တုန်းက ကျွန်မ ဒေါက်ဖိနပ် စီးတတ်တဲ့ အကျင့် ကို ကောင်လေး တစ်ယောက်က မှတ်ချက် ချဖူးပါတယ်။ တစ်ခါတစ်လေမှာ အရာတွေဟာ ပြောသလောက် လုပ်ဖို့မလွယ်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းကလည်း ဒေါက်ဖိနပ် စီးပုံရပါတယ်။ ဒါပေမယ့် သိပ်တော့ မမှတ် မိတော့။ ၄ တန်းနှစ်တုန်းက ကျွန်မရဲ့ အရပ်ဟာ သူငယ်ချင်းများထက် ခေါင်းတစ်လုံး ပိုရှည်ခဲ့တယ်။ အဲ့တုန်း က သူငယ်ချင်းကြားထဲ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကိုယ့်အရပ်ကိုယ် စိတ်ညစ်လို့ ဒေါက်ဖိနပ် မစီးဖြစ် ခဲ့။ ငါးတန်းကျတော့ မှတ်မှတ်ရရ ကျောင်းသွားရင် အစိမ်းရောင် စကတ် အတိုလေးနဲ့ ဒေါက်ဖိနပ်လေး စီး တတ်ပြီ။ ချွန်နေတဲ့ ဒေါက်ဖိနပ်ကို ကျွန်မစီးတိုင်း လူတွေက အသည်းယားကြတယ်။ တကယ်တော့ လူတွေ က စိတ်ထဲက ချွန်တာနဲ့ မမြဲခြင်းတရားကို တွဲမှတ်ထားသလိုပဲ။ တကယ်တော့ ထုထည်ကြီးတဲ့ ဖိနပ် အထူ ကြီးတွေက ပိုပြီး လမ်းလျှောက်ရခက်ပါတယ်။ ခြေချော်ပြီး လည်သွားရင် ခြေထောက် လေ၀င်ပြီး ရက်အ တော်ကြာ ထော့နဲ ထော့နဲ ဖြစ်သွားနိုင်ပါတယ်။ ကျွန်မ အတွက်တော့ ဒေါက်ဖိနပ် အချွန်စီးရတာ ဖိနပ်အပါး စီးတာထက် ပိုကောင်းတယ်။ ဖိနပ် အပါးကျတော့ ပါးနေတဲ့ ရှေ့ဖျားနဲ့ ခဏ ခဏ ခလုတ်တိုက်တတ်တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဒေါက်ဖိနပ်ကို ပိုလို့ ပိုလို့ ကြိုက်လာတယ်။ လူတွေ မေးကြတယ်။ မနာဘူးလား.. မ ညောင်းဘူးလားတဲ့။ အမှန်အတိုင်း ကြားချင်ရင်.. နာတယ်.. ညောင်းတယ်လို့ ပြောရမှာပေါ့။ ကျွန်မ ခြေထောက်က ဖွေးနုမနေလို့ တော်သေးတယ်။ ခြေထောက်လေးကို ကြည့်လိုက်ရင် ခြေမဘက်က ခြေဖ၀ါး စောင်းမှာ ကျွန်မ အသားအရောင်ထက် နည်းနည်းလေး ပိုရင့်တဲ့ လိုင်းကြောင်းလေး တစ်ခုရှိပါတယ်။ ဒါဟာ... ဂွင်းထိုး ဖိနပ်က ကြိုးလေးတွေ တင်းလို့ ခြေထောက်ပေါက်ပြီး ကျန်ခဲ့တဲ့ မသိမသာ အမှတ်လေး တစ်ခုပါ။ ဖိနပ်စီးလိုက်ရင် မသိသာဘူး.. ဒါပေမယ့် ရှိတယ်။ ပြီးတော့ ခြေသန်းလေးမှာ အမြဲတမ်း အသားမာ တတ်ပြီး အသားတွေ ကွာတတ်တယ်။ ဒါဟာ နောက်က မြင့်တဲ့ ဒေါက်ရဲ့ အရှိန်ကို ထိန်းရလွန်းလို့ ဖြစ်ပါ တယ်။ ခြေဖမိုးက ဒီလောက်မဆိုးပါဘူး။ ခြေဖ၀ါးကသာ ပိုထိန်းရတာ။ ခြေမရဲ့ အောက်နားနည်းနည်း ဆင်းလိုက်ရင် ဖောင်းနေတဲ့ အသားလေး ရှိတယ်မလား။ လမ်းလျှောက်တာ များတဲ့အခါ မတ်တပ်ရပ်တာ များတဲ့အခါ အဲ့နေရာလေးက နီရဲလို့လာပါတယ်။ ဒါ့အပြင် ခြေသကြွယ် နဲ့ ခြေသန်း ခြေဖ၀ါးအောက်မှာ စမ်းကြည့်ရင် ကြမ်းတမ်းတမ်းလေး ရှိပါတယ်။ ဒါတင်ပဲ ထင်လို့လား? :) ခြေကောက်ဝတ်၊ ခြေသလုံး၊ အဓီက နာတာ ခါး။ သတိထားမိသလောက် ဖိနပ်အပါး စီးပြီး လမ်းလျှောက်တဲ့ နေ့တွေဆိုရင် အိမ်ပြန်ရောက်လို့ အိပ်ရာပေါ်လှဲလိုက်တဲ့ အချိန်ဆိုရင် ခါးက သိပ်မနာဘူး။ ဒေါက်ဖိနပ် စီးပြီး ပြန်လာတဲ့ နေ့တွေဆိုရင် ခါးကို ဖြည်းဖြည်းချင်း ဆန့်ပြီးလှဲရတယ်။ နာလို့ "အား" လို့ တချက်အော်လိုက်တာနဲ့ သက်သာသွားပါတယ်။ ဒီ စာပုဒ် တစ်ခုလုံးလည်း ဖတ်ပြီးသွားရော.. မေးကြပါလိမ့်မယ်။ ဒါနဲ့ ဘာလို့များ ဒေါက်ဖိနပ် စီးနေသေးလဲလို့။
ငါးပေ ကျော်ရုံလောက်သာ ရှိတဲ့ ကျွန်မရဲ့ အရပ်ကို ငါးပေ ငါး ပြည့်သယောင် ရှိအောင် ဒေါက်ဖိနပ် စီးသလို ဒေါက်ဖိနပ်စီးမှ မိန်းကလေး တစ်ယောက်ဟာ Elegent ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတဲ့ တဖက်စွန်း ရောက် အတွေးအခေါ်ကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လူတကာနဲ့ ဆန့်ကျင်တဲ့ အရာကို ကိုယ်လုပ် မိ၊ မြတ်နိုးမိတဲ့အခါ သူတို့ကို ရှင်းမပြနိုင်တဲ့ reasons တွေ အများကြီး ရှိနေတတ်ပါတယ်။ ဒါဟာ Excuse မဟုတ်ပါဘူး။ အဲ့ဒီ့ reason တွေကို ရှာမတွေ့တော့တဲ့နေ့၊ နာကျင်စရာတွေက reason ကို ဖုံးကွယ်သွား တဲ့နေ့၊ reason ကို excuse လို့မြင်လာတဲ့နေ့မှာ.. ကျွန်မ ဖိနပ်အပါးကို မြတ်မြတ်နိုးနိုး ပြန်စီးပါလိမ့်မယ်။
လူတစ်ယောက်ချင်းစီမှာ ခဏတာ ပျော်ဖို့ အမျိုးမျိုး ပေးဆပ်နေရတာ ရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မ အကြောင်းတွေ ဖတ်ရတာ ညည်းငွေ့မှာစိုးလို့ သူငယ်ချင်းမလေး တစ်ယောက် အကြောင်း ပြောပြချင် ပါတယ်။ သူမနဲ့ ကျွန်မ အရင်တုန်းက ကျောင်းအတူတူ တက်ပြီး တခန်းထဲမှာ အတူတူ နေခဲ့ဖူးပါတယ်။ တစ်ယောက် အကြောင်း တစ်ယောက်သိ ဆိုပါတော့။ ကျွန်မ NYC ကို ပြောင်းလာတော့ သူမကတော့ Plattsburgh မှာ ကျန်ခဲ့တာပေါ့။ ပြီးခဲ့တဲ့လက သူမနဲ့ ခြောက်လလောက် ကြာပြီးမှ တစ်ခေါက် ပြန်တွေ့ဖြစ် ပါတယ်။ ကိုယ်ကလည်း တွေ့ချင်တော့ သူမ နေမယ့်၊ အဆင်ပြေမယ့် Staten Island မှာ သွားတွေ့ရပါတယ်။ Ferry စီးဖို့ သူမက ကျွန်မကို မြို့ထဲမှာ လာခေါ်ပါတယ်။ ပြီးတော့ အတူတူ Staten Island Mall ကိုသွားပါတယ်။ မတွေ့တာ ခြောက်လလောက် ရှိပြီဆိုတော့ ရှေးဟောင်း နှောင်းဖြစ်တွေ၊ သူငယ်ချင်း အဟောင်းတွေအကြောင်း၊ ရည်းစားတွေ အကြောင်း စားသောက်ရင်း အပြန်အလှန် ရယ်မောပြီး ပြောဖြစ်တာပေါ့။ စားပြီး သောက်ပြီး တစ်နာရီလောက် shopping ထွက်ပြီးတော့ နောက်ဆုံး တစ်ခေါက်ကို ကျွန်မ ဖိနပ်ဆိုင်ထဲမှာ အချိန်ဖြုန်း ဖြစ်သွားတယ်။ သူမကတော့ ဖိနပ်တွေကို သိပ်စိတ်ဝင် စားပုံမရ။ ကျွန်မကတော့ တစ်ဆိုင်လုံး လှည့်ကြည့်ပြီး ကိုယ်ကြိုက်တာကို ၀တ်ကြည့်လိုက်၊ မှန်ထဲကြည့်လိုက် နဲ့ အလုပ်ရှုပ်နေတာပေါ့။ ဒါနဲ့ သူမက "ငါ အောက်က beauty salon ဆိုင်တစ်ဆိုင်မှာ ရှိနေမယ်။ ငါ မျက်ခုံးမွှေး သွားရိတ်မလို့" တဲ့။ ကျွန်မလည်း ဖိနပ်တွေ ကြည့်မ၀သေးတော့.. သူမကို သွားနှင့်ခိုင်းလိုက် တယ်။ ၁၀ မိနစ်လောက် ကြာတော့ ကျွန်မလည်း တစ်ယောက်တည်းကြည့်ရင်း ပျင်းလာတော့ အောက်ထပ် ဆင်းသွားပြီး သူမပြောတဲ့ salon ကို လိုက်ရှာရပါတော့တယ်။ ဆိုင်တွေ့လို့ ၀င်သွားတော့ သူမက ခုံပေါ်မှာ ပက်လက်ကလေး။ အဲ့မှာ Spanish အမျိုးသမီး တစ်ယောက်ရဲ့ လက်ထဲမှာ အပ်ချည်ကြိုးလို့ထင်ရတဲ့ ကြိုးတစ်ချောင်းကို တင်းတင်းကိုင်ထားပါတယ်။ ပြီးတော့ မျက်ခုံးမွှေး၊ နှုတ်ခမ်းမွှေးတွေကို ကြိုးနဲ့ တစ်မျိုး လေး လုပ်ပြီး ဆွဲဆွဲပြီး နုတ်တယ်။ သူဆွဲလိုက်တဲ့ နေရာမှာဆို အသားက နီပြီး ကျန်ခဲ့တယ်။ အဲ့လို နီနေတဲ့ အသားပေါ်မှာ ထပ်ပြီး ကြိုးနဲ့ ဆွဲပြန်တော့ ပိုနာမှာပေါ့။ အဲ့လို ထပ်ခါ ထပ်ခါ လုပ်နေတာ ကြည့်ပြီး ကျွန်မ လန့်သွားတယ်။ မြန်မာ နိုင်ငံမှာဆို ဘရိတ်ဓါးနဲ့ မဟုတ်လား။ ရှလည်း ခဏပဲ။ အခုက နှုတ်နေတဲ့ တောက် လျှောက်နာနေတာ။ ကျွန်မ သူငယ်ချင်းမဆိုရင် လက်ကို တင်းတင်းဆုပ်ပြီး အံကြိတ်ခံနေလေရဲ့။ တစ်ချက် တစ်ချက် တော်တော် နာပုံရတယ် .. သူမ မျက်ရည်တောင် ၀ဲဝဲလာတယ်။ ကျွန်မတောင် ခါဆင်းသွားတယ်။ အဲ့ spanish အမျိုးသမီးက ကျွန်မရဲ့ မျက်ခုံးမွှေးကို အလကား လုပ်ပေးမယ်တဲ့။ ဘုရား.. ဘုရား.. ကျွန်မ ခြေ ကန်ပြီး ငြင်းတော့တာပဲ။ ကျွန်မ မျက်ခုံးမွှေးက ထူပြီး ပေါက်ချင်သလို ပေါက်နေမှန်း သိပါတယ်။ ဒါပေမယ့် ဒီလောက် အနာခံရလောက်အောင် ကျွန်မ မျက်နှာပေါ်က အမွှေးတွေနဲ့ ပတ်သက်ပြီး သိပ်ဂရုမစိုက်တတ်ပါ။ သူငယ်ချင်းမပြီးတော့.. "နင် တော်တော်နာမှာပဲနော်" လို့ ပြောလိုက်တယ်။ အဲ့တော့ သူမက "အေး နာတော့ နာတယ်။ ဒါပေမယ့် ငါတို့က ငယ်ငယ်ကတည်းက လုပ်တာ။ အဲ့လို မလုပ်ရင် အရမ်း အမွှေးထူပြီး ကြည့်မ ကောင်းဘူးဟ။ နင်ကတော့ လုပ်နေကျ မဟုတ်တော့ မလုပ်ပါနဲ့ဟာ။ လုပ်စရှိရင် လုပ်ဖြစ်သွားရော" တဲ့။ အော်... ခဏတာ ကြည့်လို့ကောင်းဖို့ လတိုင်း အနာခံပြီး လုပ်နေကြပါလား။ အေးပေါ့လေ... ငါလည်း လှချင်လို့ ဒေါက်ဖိနပ်စီးပြီး နာတာတွေ ဘာတွေ ဂရုစိုက်တာမှ မဟုတ်တာလို့ တွေးမိလိုက်တယ်။ ကျွန်မ သူငယ်ချင်းမလည်း reason တွေကို ရှာမတွေ့တော့တဲ့နေ့၊ နာကျင်စရာတွေက reason ကို ဖုံးကွယ်သွား တဲ့နေ့၊ reason ကို excuse လို့မြင်လာတဲ့နေ့မှာ.. မျက်နှာပေါ်က အမွှေးနုနုလေးတွေကို လျစ်လျူရှု တတ် သွားပါလိမ့်မယ်။
ကျွန်မအတွက် အချစ်ဆိုတာလည်း ဒီလို နာကျင်မှု တစ်ခုလို့ ဆိုချင်ပါတယ်။ ကျွန်မ ချစ်ပြီဆိုရင် မိုက်ရူးရဲ တိုးတတ်တာ ကိုယ့်ကိုကိုယ် အသိဆုံးပါ။ ချစ်တဲ့သူအတွက် နာကျင်မှုတွေ၊ အပြောခံ အဆိုခံ ၊ နောက်ဆုံး ကိုယ့်ရဲ့ အရှက်ကို ထိပါးသွားတဲ့ သူတွေကိုတောင် သူနဲ့ ပတ်သက်ပြီး လျစ်လျူရှုပြီး ဘေးနားမှာ ပြုံးနေ ချင်ခဲ့သူပါ။ "နင့်ကို အသုံးချနေတာပါဟာ" လို့ ပြောရင် ပြောတဲ့ သူငယ်ချင်းတွေကို မုန်းမိတယ်။ "ဂရုစိုက် မနေပါနဲ့ဟာ.. ဒီလို ကောင်မျိုးအတွက် မတန်ပါဘူး" လို့ ပြောရင် ပြောတဲ့သူတွေကို ဥပက္ခာ ပြုချင်မိခဲ့တယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ သူ့မကောင်းကြောင်း ပြောပြော ကျွန်မ မုန်းလို့ မုန်းရကောင်းမှန်း မသိခဲ့တာ အမှန်ပါ။ သူ့ကို ချစ်မိတဲ့ စိတ်တစ်ခုနဲ့ သူ ငါ့ကို ဘယ်တော့မှ မြင်မှာလဲ၊ ဘယ်တော့မှ ငါ့အချစ်တွေ မြင်ပါ့မလဲ ထိုင်စောင့်ရင်း နာကျင်မှုတွေ ထမ်းပိုးခဲ့ရတယ်။ ဒါပေမယ့် ကျွန်မလည်း သွေးသားနဲ့ နှလုံးသားနဲ့ လူတစ် ယောက်ပဲ။ နာကျင်တတ်တယ်။ ခံစားတတ်တယ်။ အလှအတွက် နာကျင်မှုကို အောင့်အီး သည်းခံပြီး ဒေါက်ဖိနပ် မဖြစ်ဖြစ်အောင် စီးတာနဲ့ အချစ်အတွက် နာကျင်မှုကို ခါးစည်းခံတာ တူသယောင်ရှိပေမယ့် အတိမ်အနက်ကတော့ ကွာခြားပါတယ်။ မျက်ခုံးမွှေးနှုတ်တာ၊ ဒေါက်ဖိနပ်စီးတာ ကျွန်မ ခန္ဓာကိုယ် အစိတ် အပိုင်းတစ်ခုရဲ့ အပြင်ပိုင်းသာ ထိခိုက် နာကျင်သွားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ခံစားချက်၊ အချစ်ကို ကစား ခံရတာဟာ စိတ်ကို နာကျင်စေခဲ့တာပါ။ ဒါနဲ့များ ဘာလို့ သူ့ကို အရမ်းချစ်နေ၊ တွယ်တာနေရတာလဲလို့ သူငယ်ချင်းမက မေးဖူးပါတယ်။ ကျွန်မ စိတ်အားငယ်နေတဲ့အခါ၊ ကျွန်မ တစ်ယောက်တည်း ယောင်ချာချာ ဖြစ်နေခဲ့တဲ့ အချိန်မှာ ကျွန်မဘေးမှာ ရှိနေခဲ့တဲ့ တစ်ခဏတာကို ကျွန်မရဲ့ နှလုံးသားနဲ့ နှစ်နှစ်ကြာအောင် လဲခဲ့တာပါ။ အဲ့ဒီ့ reason ကို နာကျင်မှုတွေ ဖုံးသွားတဲ့နေ့ကို ကျွန်မ စောင့်မျှော်နေခဲ့ပါတယ်။ ခြေထောက်ရဲ့ နာကျင်မှုဒါဏ်ကို မခံနိုင်တော့ရင် ခြေထောက် သက်သာစေမယ့် ဖိနပ်အပါးကို ရွေးစီးလာမိမှာပဲ။ ထပ် တူပဲ... ကျွန်မရဲ့ စိတ်ကို နာကျင်စေတဲ့ အရာကို ကျွန်မ ဘယ်လောက် ဆုပ်ကိုင်ထားနိုင်မလဲ။ စိတ်နာကျင်မှုကို "အား" လို့ တစ်ချက်အော်ရုံနဲ့ မပျောက်နိုင်တော့ဘူးလေ။ ဖိနပ်ပါး ပြောင်းစီးတဲ့နေ့ဟာ နေ့သစ် ဖြစ်ချင်မှ ဖြစ်မယ်။ စိတ်အသစ်နဲ့ စတင်တဲ့နေ့ကိုတော့ မင်္ဂလာရှိသောနေ့အဖြစ် သတ်မှတ်ပါရစေ။
nunki (နန်ကီ)
0 comments:
Post a Comment