Tuesday, October 30, 2012

ဇော နောက်က ဇော


ချမ်းသာတဲ့နိုင်ငံဟာချမ်းသာတယ်။ လူတန်းစေ့နေနိုင်စားနိုင်တယ်။ နိုင်ငံတကာမှာ သြဇာအာဏာရှိတယ်။ အမေရိကန် ပတ်စ်ပို့သာကိုင်ထားလိုက် ဘယ်နိုင်ငံ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် ဗီဇာမလိုဘဲသွားနိုင်တယ်။ (မြန် မာနိုင်ငံအပါအ၀င် တခြားအချို့နိုင်ငံကလွဲလို့ပေါ့) နိုင်ငံတကာက ကြိုဆိုတယ် ကမ်းလှမ်းတယ်။ ဘ၀ဆက် တိုင်း အမေရိကားမှာ မွေးပါရစေလို့ ကျွန်မလည်း ငယ်ငယ်က ဆုတောင်းဖူပါတယ်။ ကျွန်မ အမေရိကားမှာ ကျောင်းလာတက်ဖို့ အရမ်းကြိုးစားခဲ့ရတယ်။ ငွေ၊ လူ၊ အချိန်၊ ဘာတွေ ကုန်မှန်းမသိ အကုန်ကုန်ပြီးမှ ဒီ ရောက်လာခဲ့တယ်။ အဲ့ဒီ့တုန်းက ကျွန်မအိပ်မက်ဟာ ကျွန်မရဲ့ဇောပေါ့နော်။ ရောက်သွားရင် အဆင်ပြေသွား မှာပါလို့ လူတိုင်းပြောကြပါတယ်။ ကျွန်မလည်း အဲ့လိုထင်ခဲ့မိတယ်။

ထင်တာနဲ့ ကြုံတွေ့ရတာ တကယ်တော့ တခြားစီပါပဲ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်မိသားစုနဲ့ အတူနေထိုင်ရင်း ကျောင်းတက်ရ တာ၊ ရုန်းကန်ရတာကို ပင်ပန်းတယ်ဆိုရင်တောင် ဇောကင်းမဲ့ပါသေးတယ်။ ဒီမှာတော့....

ကလင် ကလင်ဆိုတဲ့ နှိုးစက်သံနဲ့ နိုးရတဲ့နေ့ရှိသလို မနိုးမှာစိုးလို့ မအိပ် ဖြစ်ခဲ့တဲ့ ညများစွာလည်း မရေမတွက်နိုင်အောင် ရှိတယ်။ မျက်လုံး အစုံ စဖွင့်တာနဲ့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်ရင် အလင်းအစုံတောင် မ ပွင့်သေး။ လေးပင်နေတဲ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်အားနဲ့ ကုန်းရုန်းထ ရင်း တစ်နေ့တာဇောများစတင်ပါတော့သည်။ရုံးတက်မယ့်သူများ၊ ရေချိုး ထမင်းဘူးပြင်၊ အ၀တ်အစားလဲပြီး လိုအပ်တဲ့ပစ္စည်းများ ကုန်းရုန်းထည့် ကာ ရထားအမှီပြေးရပါတော့သည်။ ထမင်းဘူးဟာလည်း မနေ့ညက တည်း ပြင်ပြီးသား။ ကိုယ်သွားရမယ့် ခရီးကို ၅မိနစ်လောက် နောက်ကျ လို့ ရထားလွတ်သွားရင် လူကျပ်ကောင်းကျပ်မယ်။ တနာရီမက သွားရ မယ့် ခရီးကိုမတ်တပ်ရပ်ကောင်းရပ်ရမယ်။ အဆိုးဆုံး အလုပ်နောက်ကျ မယ်။ မိုးလင်းတာနဲ့ ပထမဆုံး ဒီဇောနဲ့သုတ်ခြေတင် ပြေးရတဲ့ ၀န်ထမ်း ပေါင်းဟာ အမေရိကန်နိုင်ငံမှာ ၉၈ ရာခိုင်နှုန်းလောက် ရှိမယ်ထင်တယ်။ ရထားဂိတ်ရောက်တော့လည်း စောင့်ရင်း စောင့်ရင်းနဲ့ Delay ဖြစ်ရင်
အလုပ်နောက်ကျမှာစိုးသည့်ဇောတစ်ခုကပ်လာပြန်သည်။ရထားရောက်ပြန်တော့လည်း ထိုင်ခုံနေရာမှရမှာ စိုးလို့တိုးဝှေ့ရပြန်သည်။ ထိုင်ခုံရသွားသော် အကြောင်းမဟုတ်။ မရလျှင် ဂိတ်တိုင်း ဂိတ်တိုင်း ထသွားမယ့် သူနေရာကို ကိုယ်အရင်ဦးဖို့ ကြံရွယ်ရပြန်သည်။ လူတစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကိုကျွန်မလိုက်ကြည့် ဖူးသည်။ တစ်ချို့မိန်းကလေးတွေကအလှပြင်ဖို့အချိန်မပေးနိုင်သဖြင့် ရ ထားပေါ်တွင်အလှပြင်နေကြသည်။ ကျောင်းသား/သူများလည်း အိမ်စာအမှီလုပ်နေကြသည်။ တစ်ချို့ကျပြန် တော့လည်း မနက်စောစောထလာ ရသဖြင့် ရထားပေါ်တွင်အိပ်ကြသည်။ ဟိုဘက်ဒီဘက် ယှဉ်ပြီး ပြေးနေတဲ့ ရထားတွေလည်းရှိတာကြောင့် တစ်ချို့ပိုမြန်စေလိုသောဇောဖြင့် အဆင့်ဆင့်ကူးပြောင်း ပြေးလွှားစီးကြသည်။ ကိုယ်စီးလာတဲ့ ရထားမရပ် ခင် ဘေးကရထားကိုကြိုကြည့်ထားကြသည်။ ပိုမြန်တဲ့လိုင်းကရထားရှိလျှင် အလျင်စလိုတံခါးမပွင့်ခင်ပြေး ၀င်ကြသည်။ အမေရိကန်နိုင်ငံကြီးကကျယ်သလို ရထားဘူတာတွေကလည်းကျယ်သပ။ ရထားဘူတာထဲ မှာတင်အပေါ်အောက် ပြေးဆင်းပြေးတက်။ များသောအားဖြင့် အနည်းဆုံးနှစ်ဆင့်လောက်တော့ ကူးစီးရ သည်။ ထိုအခါ နောက်စီးမယ့် တစ်စီးမလွတ်ရေးအတွက် ဘူတာထဲမှာ ခပ်သွက်သွက်လျှောက်သူတစ်ဖုံ၊ ပြေးသူတစ်ဖုံအမျိုးမျိုးမြင်ရသည်။ အဲ့ဒီ့လူတောထဲမှာ ကျွန်မအပါအ၀င် ပေါ့။

ဒပ်.. ဒပ်.. ဒပ် မြည်နေတဲ့ နာရီတိုင်း စက္ကန့်တိုင်း အလုပ်နဲ့ လက်နဲ့မပြတ် နိုင်။ အလုပ်မှာလည်း အလုပ်ဇောကကြီးသပ။ ဒီနေ့အလုပ် ဘယ် လောက်ပြီးအောင်လုပ်ရမယ်။ ဘယ်လောက်ပြီးမှ သူငှေးက ကြည်နိုင် မယ်စသဖြင့်ပေါ့။ ရာထူးရှိရင်ရှိသလောက် ကြီးရင်ကြီးသလောက် တစ် နေ့တာလုပ်ရမယ့်အလုပ်ကဇောနဲ့ အတင်းတွန်းပို့ခြင်းခံနေရပါလိမ့်မယ်။ 

တစ်နာရီနဲ့လေးဆယ့်ငါးမိနစ် (ဒါမှမဟုတ်) နှစ်နာရီတစ်ခါ ကျောင်းသား တွေ ပြေးလွှားနေကြသည်။ တစ်ချို့ကအလုပ်ကနေကျောင်းကို တန်း လာရတော့ အချိန်ကထင်သလောက် မျှော်လင့်သလောက် flexible မ ဖြစ်။ တစ်ချို့ကျတော့ အိပ်ရာထနောက်ကျလို့ နောက်ကျနေကြသည်။ တစ်ချို့ကတော့ စာကြည့်တိုက်မှာ Print ထုတ်စရာရှိလို့သွားရာက လူတွေတသီကြီးကိုစောင့်ရလို့ အတန်းကိုသုတ်ခြေတင် ပြေးလာကြရ ပြန်သည်။ အတန်းနောက်ကျလို့ စာလွတ်မှာကို သိပ်စိုးရိမ်စရာ မရှိဘူးဆိုတဲ့ ကျောင်းသားများကတော့ ဖြည်းဖြည်းချင်းပဲ လျှောက်လာကြသည်။ ဒါမှမဟုတ် အတန်းအစမှာ လုပ်လေ့လုပ်ထရှိတဲ့ attendance ကောက်တာတို့၊ pop quiz ဖြေရာတို့ရှိတဲ့ အတန်းက ကျောင်းသားများကတော့ လွတ်မှာစိုးလို့ ကိုယ့်ရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်နဲ့ အ၀တ်အစားကို ရုပ်ရှင်ကားတွေထဲကလို ဂရုစိုက်နေပြီး အတန်းထဲ လန်းလန်းလေး မ၀င်နိုင်။ quiz တွေဘာ တွေ ဖြေရမယ်ဆိုရင် ပေးထားတဲ့ မိနစ်ပိုင်း စက္ကန့်ပိုင်းလေးကို လုဖြေရသည်။ အဲ့ဒီ့ကြားထဲ အတန်းက နောက်ကျပြီဆိုရင် ဖြေဖို့အချိန်က စက္ကန့်ပိုင်းလေးပဲရှိတော့သည်။ တခါတလေ ကိုယ်က ဇောတသီကြီးကပ်ပြီး အမြန်ပြေးလွှားခဲ့ပေမယ့် ၅မိနစ် လောက် နောက်ကျသွားလို့ ပရော်ဖက်ဆာက စာရွက်တွေ သိမ်းနေတာတွေ့တော့ အမောဆို့ရပြန်ရော။ သင်တန်း တစ်တန်းပြီးတော့လည်း နောက်တစ်တန်းကူးဖို့ မောမောနဲ့ ဇောလေး ရှေ့ထားပြီး သွားရပြန်ရော။ တစ်နေ့တာကို မျက်လုံးအစုံဖွင့် လိုက်ကတည်းက ဇောပေါင်းများစွာနဲ့ ညဘက်ရောက်လို့များ ပြီးပြီလို့ ထင်လိုက်ရင် မှားပါလေသတည်း။ အတန်းပြီးသွားတော့ ဇောနောက်တစ်ခုက ကပ်လာပြန်ရော။ မနက်ဖြန် ထမင်းဘူးအတွက် ဘာချက်ရမလဲ။ ၀ယ်ထားတာ ဘာရှိလဲ။ မရှိရင် ဘာဝယ်ရ မလဲ။ market က ဘယ်တော့ပိတ်မလဲ။ ငါ ဒီကနေ ဘယ်လောက်ကြာရင် market ရောက်မယ်။ မှီပါ့မလား... စသဖြင့် ဇောအကြီးကြီး ကပ်ရပြန်ရော။ အဲ့တော့ စူပါဂလူးလို ကပ်နေတဲ့ ဇောနဲ့ပဲ စက်လှေကားလည်း မတ်တပ်ရပ် စောင့်မစီးနိုင်။ ဖိနပ်အ ပါးပဲဝတ်ဝတ်၊ ဒေါက်ဖိနပ်ပဲဝတ်ဝတ် ရထားအမှီ ပြေးဆင်းရပြန်တော့သည်။ ဈေးကို အမှီပြေးပြီး အိပ်ပြန်ကာ နောက်တစ်ရက်စာ အတွက် ချက်ပြုတ် ပြင်ဆင်ရင်း သန်းခေါင်ယံ ရောက်ခဲ့ပြန်ရော။

ဒီကြားထဲ စာမေးပွဲရှိရင် ရှိတဲ့ကာလ၊ Papers တွေတင်ရမယ့် ကာလ တွေက ဇောတွေကလည်း များသပ။ တစ်နေ့ တစ်နေ့ ရှု ရှိုက်နေတဲ့လေထက် ထွက်နေတဲ့ ဇောက ထွက်သက်လောက်များ များပြားနေမလားလို့ ထင်မိတယ်။ တစ်နေ့ကို အနည်းဆုံး ၄နာရီလောက် ပုံမှန် အိပ်နိုင်တာကိုပဲ ကျေးဇူးတင်ရလိမ့်မယ် ထင်ပါတယ်။ ကျောင်းပြီးသွားရင်တော့ ကျောင်းကို အာရုံစိုက်စရာ မလိုဘဲ အလုပ်ပဲရှိလို့ ဇောများလျော့သွားမယ် မတွက်လေနဲ့။ အဲ့အခါကျတော့ အလုပ်ကောင်းကောင်းရဖို့ ဇော၊ အလုပ်မှာ ရာထူးကောင်းကောင်း နေရာကောင်းရဖို့ မအိပ်မနေ ကြိုးစားရမယ့်ဇော။ ဒါတွေ ဒါတွေအပြင် အားလုံးနဲ့ လူတန်းစေ့ အိမ်ဝယ်၊ ကားဝယ်ဦးမယ်ဆိုရင်လည်း လတိုင်းပေးရမယ့် mortgage ရဲ့ဇောလေးက တိုးလာပြန်ရော။ down payment သက်သက်သာ သာနဲ့ အိမ်၊ ကား ၀ယ်လို့ရတဲ့ America ရဲ့ system တစ်ခုဟာ ဒီဘောင်အပြင်ဘက်က ကြည့်ရင် အရမ်းကောင်းသလို ထင်ရပေမယ့် လတိုင်း လတိုင်းရဲ့ mortgage ဟာ လူတွေကို ဘယ်လောက် ဓါးထောက်ပြီး အိပ်မက်တွေကို ခြောက်လှန့်နေ တယ်ဆိုတာ ထင်သလောက် မမြင်သာပါဘူး။ ကျန်းမာရေးကောင်းပြီး ပညာတတ် မိသားစု အသိုင်းအ၀ိုင်းရဲ့ ဇောကတော့ တိုတောင်းကောင်း တိုတောင်းနိုင်ပါတယ်။ ဒါ့အပြင် Economics ရဲ့ အတက်အကျမှာ layoff လုပ်တိုင်း ရင်တမမ ဖြစ်ရတာလည်း ဇောတစ်ခုပါပဲ။ 

ဒီလိုနဲ့ America မှာနေကြတဲ့ ကျောင်းသား/သူ၊ မိသားစုတွေရဲ့ တစ်နေ့တာကို ပုံမှန်အားဖြင့် စတင်ကြနေတာပါ။ မြန်မာနိုင်ငံမှာ ညနေတိုင်း အဖေ အမေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရောက်တတ်ရာရာတွေ ပြောတဲ့ အချိန်မျိုးကို ဒီမှာ မရှိနိုင်။ သူငယ်ချင်းများနဲ့ အတန်းလစ်ပြီး ရုပ်ရှင်ကြည့်ခဲ့ဖူးတဲ့ အချိန်တွေကို တဖန်လွမ်းစွတ်မိသလို။ အပြင်သွားချင်တိုင်း သူငယ်ချင်း များနဲ့ စုပြီး ရွာရိုးကိုးပေါက် လျှောက်ခဲ့တဲ့ ငယ်ဘ၀ကို တမ်းတမိပြန်။ အဲ့လို အေးဆေးနေနေကြတဲ့ မြန်မာလူမျိုးများက အမေရိ ကားကို လာချင်ကြတယ်။ ဒီမှာ ဇောပေါင်းများစွာ ရုန်းကန်နေတဲ့ မြန်မာလူမျိုးတွေ (တစ်ချို့သာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) ကတော့ မြန်မာပြည်ပြန်ပြီး ဇောတစ်ဝက်လောက်ကို လျှော့ချချင်ကြပါလိမ့်မယ်။ အော်.. လူဘ၀ဆိုတာ လိုတာမရ ရတာမလိုပါ လား.... ။      ။


ဇောများအား ခံစားလျှက်
nunki (နန်ကီ)

0 comments:

Post a Comment

 
;