Friday, December 28, 2012

ဘ၀တစ်ကွေ့

မိဘရဲ့ အတောင်အောက်မှာရှိခဲ့တဲ့အချိန်တွေမှာ ဘယ်လောက်ပဲစိတ်ဆင်းရဲစရာကြုံခဲ့ပါစေ တနည်းတဖုံငြိမ်းချမ်းခဲ့သည်ဆိုတာကို တကယ်တစ်ယောက်တည်း ရုန်းကန်မှနားလည်ခဲ့ပါသည်။ ပတ်ဝန်းကျင်က ကိုယ့်ကိုပုတ်ခတ်ချင်ရင်တောင်မှ မိဘရဲ့ အရှိန်အ၀ါ၊ အကာအကွယ်တွေနဲ့ ရှောင်တိမ်းနိုင်ခဲ့သလို အရောင်ပါးခဲ့သည်။ ကိုယ့်ကိုရှုတ်ချချင်တဲ့ တစ်စုံတစ်ယောက်ကလည်း မိဘရဲ့မျက် နှာကြာင့် ကျွန်မတို့ကို ပြုံးပြကြခဲ့လိမ့်မည်။ သစ္စာဖောက်ကာ နောက်ကျောမှ ဓါးနဲ့ထိုးချင်သူများက ကျွန်မနဲ့သူတို့ရရှိမယ့် အခွင့် အရေးကို သေချာချိန်မျှရင်း သည်းခံခဲ့ကြလိမ့်မည်။ လောကကြီးက တကယ်ကိုထင်သလောက် မရိုးရှင်းသလို မှောင်လည်းမှောင် မိုက်လှသည်။ မိဘရဲ့ ဂုဏ်၊ ချမ်းသာကြွယ်ဝမှု၊ အရှိန်အ၀ါတွေ အားလုံးကို ခွါချပြီး လောကကို တစ်ယောက်တည်းရင်ဆိုင်တဲ့အခါ လူတွေရဲ့မျက်နှာဖုံးတွေက ထင်တာထက် လျင်မြန်စွာကွာကျသွားတတ်ကြသည်။ အဲ့အခါမှ လောကကြီးရဲ့ အကျည်းတန်ခြင်းကို မြင်ရလေသည်။ 

ကျွန်မတို့ မွေးကတည်းက ပထမဆုံးထိတွေ့ရသူတွေက ကျွန်မတို့နှင့် တသွေးသားထဲစီးဆင်းနေတဲ့ မိဘနဲ့ မောင်နှမတို့ဖြစ်သည်။ မိဘဟာ ကျွန်မတို့ဘယ်လိုပဲ ချုပ်ချယ်ပါစေ၊ ဘယ်လိုပဲ ကြိမ်းမောင်းပါစေ ဒါဟာသူတို့ရဲ့ ချစ်မေတ္တာဖြစ်သည်။ လူတိုင်းဟာအမှား နဲ့မကင်းနိုင်သလို မိဘတွေဟာလည်း လူထဲက လူတွေပဲဆိုတာ ကျွန်မတို့မမေ့သင့်ဘူး။ ဒါပေမယ့် သူတို့ရဲ့အမှားဟာ စိုးရိမ်စိတ်၊ ကာကွယ်ပေးလိုစိတ် နဲ့ ဂရုဏာစိတ်တွေကြောင့်သာဖြစ်သည်။ သူတို့ရဲ့ ချုပ်ချယ်မှုကြောင့် ကျွန်မတို့ လမ်းမှားသို့ ရောက်ကောင်း ရောက်နိုင်သည်ကို လက်ခံသော်လည်း လမ်းမှားကိုရွေးချယ်တဲ့ ကျွန်မတို့ရဲ့ အသိဥာဏ်၊ မိဘမေတ္တာကို နားမလည်နိုင်သော ကျွန်မတို့ရဲ့ ဆင်ခြင်တုံတရားကိုသာအပြစ်ဖို့သင့်သည်ဟုထင်သည်။ နောက်ထပ် သွေးချင်းနီးသော်လည်း တကျက်ကျက်ရန်ဖြစ် တတ်သော မောင်နှမများလည်းရှိသေးသည်။ ဘယ်လောက်ပဲ သူတို့အပေါ် စိတ်ဆိုး၊စိတ်ပျက်ပါစေ တကယ်အရေးကြုံလျှင် တကယ်သွေးနီးတာမောင်နှမသာဖြစ်သည်ကိုကိုယ်တိုင်ကြုံတွေ့ရသည်။ ကျွန်မတို့မှာရှိတဲ့အမဟာ ရည်းစားခိုးထားချိန်မှာ မိဘကို ပြန်လည်တိုင်ပြောတတ်သော အမ ဖြစ်ကောင်းဖြစ်မည်။ တိတ်တခိုးရေးထားတဲ့ ဒိုင်ယာရီကို ခိုးခိုးဖတ်တတ်သော အမဖြစ် ကောင်းဖြစ်မည်။ အကိုဆိုလည်း နောက်ကတကောက်ကောက်လိုက်ကာ ချုပ်ချယ်တတ်သော အကိုဖြစ်ကောင်းဖြစ်မည်။ ကျွန်မ တို့ ကြိုက်တဲ့အရာတွေကိုမှ လုယူတတ်တဲ့ မောင်တွေ၊ ညီမတွေလည်း ရှိကောင်းရှိဦးမည်။ သို့သော် သူတို့ဟာ ကျွန်မအတွက်က တော့ ကျွန်မငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာကို ရှာတွေ့နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ 


ဒါ့အပြင် နောက်ထပ်အပြင်လောကနဲ့ထိတွေ့ရတဲ့အခါ ငယ်စဉ်ကတည်းသူငယ်ချင်းဆိုတဲ့ စကားလုံးနဲ့အကျွမ်းဝင်ခဲ့ရတော့သည်။ သူငယ်ချင်းဆိုသည့်အရာမှာ ကိုယ့်ရဲ့ပူပန်မှုကို မျှဝေခံစားတတ်သူရှိသလို တိတ်တဆိတ်ဝမ်းသာနေတတ်သူများလည်းရှိသည်။ ကိုယ့်ရဲ့အကောင်းအဆိုးကို ထပ်တူခံစားတတ်တဲ့သူငယ်ချင်းမျိုးဟာ လုံးဝလက်လွတ်မခံသင့်တဲ့ သူငယ်ချင်းမျိုးဖြစ်သည်။ သူက ကိုယ့်အတွက်ရှိပေးသလို ကိုယ်ကလည်း သူ့အတွက်ရှိပေးနေသင့်သည်။ အမှားလုပ်ခဲ့လျှင်လည်း အမှားကိုဝန်ခံရမယ့် မာနနဲ့ သူ့ကိုလဲလှယ်ဖို့ ထိုက်တန်လျှင်လဲရမည်။ မျှဝေခံစားတတ်သည့်သူငယ်ချင်းဆိုတာ အယောက် ၁၀၀မှာ ၁ယောက်သာရှိလိမ့်မည် ဆိုတာ လူတိုင်းသိပါသည်။ Quote တစ်ခုကိုဖတ်ဖူးသည်။ "ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုဘယ်လိုဆက်ဆံစေချင်သလဲဆိုတာ ကိုယ်သူ့ကို ဆက်ဆံတဲ့အပေါ်မှာ မူတည်သည်" တဲ့။ ဒီ quote ဟာ ကျွန်မဖတ်ဖူးတဲ့ quote တွေထဲမှာ အညံ့ဖျင်းဆုံး quote ဖြစ်လိမ့်မည်။ လူတိုင်းဟာ ကိုယ်ကောင်းသလို ကိုယ့်အပေါ်မှာ ကောင်းကြတာမဟုတ်ပါဘူး။ ဟန်ဆောင်ကြသည်သာများသည်။ ဘယ်လောက်ပဲအချိန်ကြာရှည်စွာ ခင်မင်တဲ့သူငယ်ချင်းဖြစ်စေ ကိုယ်ဘယ်လောက်ပဲကောင်းစေ ကိုယ့်အပေါ်အချိန်မရွေး သစ္စာ ဖောက်သွားနိုင်သည်။ ဒါကို ယုံကြည်မှုကို အလွဲသုံးစွာလုပ်မှုဟု ကျွန်မ နာမည်တပ်ချင်ပါသည်။ 

သူငယ်ချင်းအချင်းချင်း မကောင်းကြံကြသည့် အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာချင်သည်။ အားလုံးရဲ့ အရင်းခံဟာ မနာလိုမှုသာ ဖြစ်သည်။ "အမကို တကယ်အမတစ်ယောက်လို သဘောထားပြီး တိုင်ပင်လို့ရတယ်နော်" လို့ တတွတ်တွတ်ပြောပြီး ကျွန်မဂုဏ် သိက္ခာကျအောင်လုပ်ခဲ့ဖူးသော သူငယ်ချင်းမျိုးလည်းတွေ့ဖူးသည်။ "အမရယ် ညီမနားလည်ပါတယ်။ အမ မမှားပါဘူး" လို့ အားပေးယောင်ဆောင်ပြီး တစ်ဆုံးတိုင် ဒုက္ခပေးတတ်တဲ့ သူငယ်ချင်းမျိုးလည်း ရှိခဲ့ဖူးသည်။ ကျွန်မကိုခုတုံးလုပ်ပြီး ကျွန်မကိုနင်း တတ်သွားသော သူငယ်ချင်းမျိုးလည်း မြင်ဖူးသည်။ ကျွန်မယုံကြည်လွန်းပြီး အားလုံးဖွင့်တိုင်ပင်ရက်နဲ့ ကျွန်မကိုလိမ်ညာတဲ့ သူငယ်ချင်းမျိုးလည်း ကျွန်မရခဲ့ဖူးပါသည်။ ကျွန်မကိုယ်တိုင်က မေတ္တာရှင်မဟုတ်တာကြောင့် သူတို့ကို မမုန်းပေမယ့် နာကျည်း သည်။ ဒါပေမယ့် ကျွန်မသူတို့ကို ပြောပြချင်တာတော့ရှိသည်။ သူတို့ကျွန်မအပေါ် မကောင်းကြံစေသည့်အကြောင်းအရင်းဟာ သူငယ်ချင်းကောင်းမဟုတ်ရင်တောင် သူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးဖို့ ထိုက်တန်ရဲ့လား။ ယောင်္ကျားလေးများဟာမိန်းကလေး များထက် အသိဥာဏ်ပိုရှိသည်ဟုဆိုလျှင် မိန်းကလေးများ ဆတ်ဆတ်ခါနာကြသည်။ မိန်းကလေးတစ်ယောက်အတွက် အရမ်း ချစ်ကြခင်ကြတဲ့ ယောင်္ကျားလေးနှစ်ယောက် အချင်းချင်း မကောင်းကြံတာကျွန်မတစ်ခါမှမမြင်ဘူး။ ဒီတော့ ကျွန်မတို့ မိန်းကလေး တွေ တစ်ယောက်ကို တစ်ယောက် မနာလိုမှုကြောင့် လုပ်တဲ့လုပ်ရပ်တိုင်းကို ဆင်ခြင်သုံးသပ်သင့်ပါသည်။ မဟုတ်ရင် ယောင်္ကျား လေးတွေပြောသလို "မိန်းမဆိုတဲ့အမျိုးဟာ နှာခေါင်းမပါရင် ချေးကျွေးတောင်စားမယ့်အမျိုး" တကယ်ဖြစ်နေရပါဦးမယ်။

သူတို့ကိုပြောပြချင်ပါသည်။ ကျွန်မက ကျွန်မရဲ့အချိန်တွေကို အဆုံးရှုံးခံပြီး ကျွန်မရဲ့စိတ်ကို အစွန်းထင်းခံပြီး သူ့တို့ကိုဒုက္ခပြန်ပေး မယ့် မိန်းကလေးမဟုတ်ပါဘူး။ သူတို့ဒုက္ခရောက်အောင်လည်း ဆုတောင်းနေမယ့် အမျိုးအစားထဲမှာလည်း ကျွန်မမပါပါဘူး။ ကျွန်မမှားရင်မှားတယ်လို့ ၀န်ခံဖို့ရှက်ရွံ့တတ်တဲ့မိန်းကလေးမဟုတ်ပါဘူး။ အချစ်ကြောင့်မွှန်တဲ့အရွယ်ကိုလည်းကျော်ခဲ့ပါပြီ။ ကျွန်မကို အချစ်အတွက်မွှန်နေပြီလို့ဆိုတဲ့ သူငယ်ချင်းမကိုလည်း တကယ်လက်တွေ့မှာ ဘယ်သူက ဘယ်လိုမွှန်ပြီး ဘယ်လိုဖြစ် နေ၊ ဘာတွေကြားနေရတယ်ဆိုတာ သူရော၊ ကျွန်မရောအသိဆုံးပါပဲ။ ကျွန်မတို့ သူတပါးကို လက်ညိုးမထိုးခင် ကိုယ်ကိုကိုယ် တိုင်ကမှန်နေဖို့လိုသည်။ သူတပါးကို လူလိမ်လို့ မစွပ်စွဲခင် ကိုယ့်လိမ်ညာမှုတွေကို လုံအောင်ဖုံးဖို့တော့လိုသည်။ လိမ်ညာမှုဆို တာ ဘယ်တော့မှ ဖုံးကွယ်လို့မရနိုင်တာတော့သိစေလိုသည်။ 

ဘ၀မှာတွေ့ကြုံခဲ့တာတွေက သင်ခန်းစာတွေဖြစ်သည်။ မျက်ရည်နှင့်ရင်းခဲ့ရနိုင်သည်။ စိတ်ပျက်ခြင်းကြီးစွာ ဖြေဆည်မရအောင် ယူကျုံးမရခံစားရနိုင်သည်။ ကျွန်မရဲ့ တစ်ခုတည်းသော တုန့်ပြန်မှုမှာ သူတို့နဲ့ဝေးရာတွင် ကျွန်မရဲ့စိတ်ကို ဖြူစင်အောင် ပြန်လည် သန့်စင်ပြီး ကျွန်မဘ၀ကို ပျော်ရွှင်စွာဆက်လက် လျှောက်လှမ်းခြင်းဖြစ်သည်။ ဒါကို တစ်ချို့က ထွက်ပြေးခြင်းသာဖြစ်ပြီး တနည်း အားဖြင့် သူရဲဘောကြောင်ခြင်းဟု မှတ်ချက်ချလိမ့်မည်။ ဒါပေမယ့် မပြည့်ဝတဲ့သူနဲ့ ငြင်းခုန်ပြီး ကျွန်မရဲ့ အဆင့်ကိုကျွန်မဆွဲချရ လောက်အောင် ကျွန်မမမိုက်မဲသင့်ဘူးဟုယုံကြည်ထားသည်။ ကျွန်မကိုပိုမိုရင့်ကျက်လာအောင်၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာ အောင် သင်ခန်းစာပေးခဲ့သော သူတို့ကိုလည်း လမ်းကြုံရင် ကျေးဇူးတင်ရပါဦးမည်။



nunki (နန်ကီ)

0 comments:

Post a Comment

 
;