Tuesday, March 22, 2011 0 comments

အချစ်... ချဉ်သလား... ???


မျက်လုံးအစုံပွင့်တဲ့အချိန်
ရင်ဘတ်ထဲမှာ စူးနေတာပဲ
မနေ့ညက အရှိန်တွေလေ...


လှုပ်ရှားရဦးမှာသိတယ်
အားတွေလိုနေတယ်
ဒါပေမယ့်
ပတ်စိပ်တိုက်ရှာဖို့ နွမ်းလျနေပီ
ငုံထားတဲ့ သကြားလုံးကလည်း ချဉ်လိုက်တာကွာ...


ထိုးနှက်တဲ့စကားလုံးတွေ မဆိုချင်ဘူး
ကမ္ဘာပျက်စေမယ့် စကားတွေ မကြားဝံ့ဘူး
ရင်ထဲမှာ ငိုနေသလို
အပြင်မှာ နှင်းတွေလည်း မစဲနိုင်
စားလက်စပန်းသီးလည်း ချဉ်သထက်ချဉ်လာတယ်ကွာ...


ဘာတွေ ထပ်ခံတွင်းပျက်ဦးမှာလဲ
ဘယ်လို လှိုင်းတွေထန်ဦးမှာလဲ
ခံနိုင်ရည်တံတိုင်းတွေ ပြိုကျတောင်
ငါပြုံးနေဖို့ ကြိုးစားနေဦးမှာပါပဲ
ဒါပေမယ့် သေချာတယ်...
ရင်ထဲက ချစ်တယ်...




nunki (နန်ကီ)

0 comments

I need you now

ဘယ်နှစ်ကြိမ်ပြောရမှာလဲ
ဘယ်အချိန်မှ သိမှာလဲ
လိုအပ်ချိန်တိုင်း အနားမှာမရှိတတ်တဲ့ ချစ်သူလေး....
ဘာတွေထပ်ဖြစ်ဦးမှာလဲ
ဘယ်လိုတွေ လျစ်လျူရှုဦးမှာလဲ
ပြောတယ်... ဘယ်တော့မှ မနာကျင်စေရပါဘူးတဲ့...
ရင်ဘတ်ထဲမှာ ဘလောင်ဆူနေလည်း သူမသိဘူး
စိတ်ဓါတ်တွေ မီးတောက်နေလည်း သူမရှိဘူး
ရှိုက်သံတွေ ကျယ်လောင်နေလည်း သူမကြားဘူး
I need you...
ဒါပေမယ့် သူ သိမှာမဟုတ်ပါဘူးလေ....

nunki (နန်ကီ)
Wednesday, March 16, 2011 0 comments

နိုင်ငံခြားမှာ ကျောင်းလာတတ်ချင်ကြသော မြန်မာကျောင်းသားများကို ပြောပြချင်ပါတယ်။

ဒါလေးကတော့ နန်ကီ မြင်တွေ့ရတာတွေ တွေ့ကြုံရတာတွေကို share လုပ်ပေးတဲ့သဘောလောက်ပါ။ နိုင်ငံခြားကို ကျောင်းလာတတ်ချင်တဲ့ကျောင်းသားတွေအတွက် ခွန်အားတစ်ခု ဒါမှမဟုတ် လမ်းကြောင်းတစ်ခု ပေးနိုင်လိမ့်မယ်ထင်ပါတယ်။


အရင်ဆုံး ကြိုးစားပါ။ ကိုယ်ကြိုးစားနိုင်တဲ့ အတိုင်းအတာကိုကြည့်ပြီး သင့်တော်ရာကိုမှန်းပါ။ ဘာလို့အခုလိုတွေ ပြောနေတာလဲဆို တော့ အကောင်းဆုံးကောလိပ် တက္ကသိုလ်မှ သွားချင်လို့အချိန်တွေ အီလေးဆွဲနေတာတွေအများကြီးကို သူငယ်ချင်းတွေထဲမှာ တင်တွေ့နေရလို့ပါ။မသွားရဘူးလို့မပြောပါဘူး။ အကောင်းဆုံးကျောင်းတွေကို တန်းသွားခဲ့တဲ့ မြန်မာကျောင်းသားတွေ တော်တော် များများရှိပါတယ်။ သူတို့ကသွားနိုင်တယ်ဆိုတာလည်း အဲ့လိုကျောင်းသားမျိုးတွေက အပျော်ဆိုတာကိုသိပ်နားမလည်ဘဲ အချိန် ပြည့် ကျောင်းစာမဟုတ်ရင်တောင် သူတို့လေ့လာမယ့်ဘာသာရပ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတကို အမြဲတမ်းရှာဖွေနေကြတဲ့သူတွေပါ။ ကိုယ့်ကိုကိုယ်မေးပါ။ ကိုယ်က အဲ့လိုဖတ်နိုင်သတဲ့လား။ နန်ကီကတော့ မဖတ်နိုင်ဘူး။ ရှင်းရှင်းပဲ။ အဲ့ဒါကြောင့်လည်း သိပ်အ ကောင်းကြီးမဟုတ်တဲ့ကျောင်းကို ရွေးလိုက်တာပေါ့။ အခု ယောင်္ကျားလေးတွေတော်တော်များများမှာဖြစ်နေတာက MIT တို့ NYU တို့လို အရမ်းမြင့်တဲ့ကျောင်းကိုလည်းသွားချင်သေးတယ်၊ ဂိမ်းဆော့တာလည်းမပြတ်ဘူးဆိုရင် အဲ့လိုစကားပြောပြီး admission မ၀င်ဘူးလို့ လာညည်းပြနေရင် ပြန်သရော်မိမှာပဲ။ အဲ့ဒီကျောင်းတွေကို မ၀င်မချင်း အမေရိကားမှာကျောင်းလာမတတ်ဘူးဆိုရင် အဲ့လောက်ကြိုးစားမှုနဲ့ဆိုရင် အချိန်ကုန်ခံမနေနဲ့။ အလုပ်တစ်ခုခုသာလုပ်လိုက်တော့။ ဘာမှမထူးဘူး အချိန်တွေကုန်နေတာ သက်သက်ပဲ။ 

ပြီးတော့ အဲ့လိုကျောင်းမျိုးတွေရဲ့ကျောင်းလခက ခေါင်ခိုက်နေတာပဲ။ မြန်မာရဲ့ ငွေတန်ဖိုးက ဒီလောက်နိမ့်တာ။ ပေးရတဲ့မိဘတွေ မသက်သာဘူး။ အဲ့ဒီတော့ scholarship ရအောင်လုပ်မှာပေါ့လို့ပြောမယ်မလား။ ပြောပြီးပြီလေ... ဒီလောက်နဲ့တော့ မရနိုင်ဘူး။ အဲ့တော့ တော်ရာကိုအရင်မှန်း။ ဒီမှာ စာအရမ်းလိုက်နိုင်တော့မှ ကိုယ်လိုချင်တဲ့ကျောင်းကို တဆင့်ဆင့်ပြောင်းတာက အတွေ့အ ကြုံရတဲ့အပြင် အချိန်လည်းမကုန်တော့ဘူးပေါ့။ အခုဆိုရင် visa ရဖို့လည်း ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိတာပဲ။ အခု နောက်ပိုင်း မရတဲ့သူတွေမေးလိုက်ရင် အသက်ကြောင့်ဖြစ်တာများတယ်။ အခု မြန်မာကျောင်းသားတွေက SAT TOEFL လုပ်ပြီ ဆိုရင် အစိုးရကျောင်းတောင်တတ်တော့တာမဟုတ်။ ဘွဲ့မရဘဲ ဒီဘက်ကိုလုပ်တာနဲ့ပဲ တော်တော်အချိန်ကုန်နေ ကြတာလေ။ နန်ကီ ကိုယ်တိုင်ကလည်း အစိုးရကျောင်းမတတ်ခဲ့ပါဘူး။ အဲ့တော့ visa မှာဘာမေးလဲဆိုတော့ " နင့် အသက်က ၁၉ ၊ ၂၀ ဖြစ် နေပြီ။ နင် SAT TOEFL လုပ်တာ သုံးလေးနှစ်တောင်ကြာရသလား" တဲ့။ သူတို့ဆိုလိုချင်တာက သင်ဟာ တကယ်ကျောင်းသွား တတ်မယ် ဆိုရင် အခုလို ငယ်တဲ့အရွယ်ထဲက ကျောင်းစာနဲ့အမြဲထိတွေ့နေရမယ်။ နို့မိုဆိုရင် သင်ဟာတကယ်ကျောင်းသွားတတ် မယ်ဆိုတာ သူတို့မယုံဘူး။ သူငယ်ချင်းတစ်ယောက်လည်း နန်ကီထက် visa ၀င်တာစောပေမယ့် အခုထိ visa မရသေးဘူး။ သူလည်း အဲ့လို အကြောင်းပြချက်နဲ့ အငြင်းခံလိုက်ရတာ။ နန်ကီ ဒီကိုထွက်လာတုန်းက ၂၀ ရှိပါပြီ။ ဒါဆို နန်ကီ ဘာလို့ visa ရလဲလို့မေးမယ်မလား။ ဟုတ်ပါတယ်။ နန်ကီက အစိုးရကျောင်းမတတ်ပေမယ့် UK ကပေးတဲ့ diploma ကို မြန်မာပြည်က MHR center ကနေရထားလို့ပါ။ နန်ကီ MHR မှာတတ်တဲ့ diploma က UK ကတဆင့်ပေးတာဆိုတော့ သင်ထားသမျှဘာသာတွေ ဒီမှာ credit အကုန်ရတယ်။ ပြန်တက်စရာမလိုတော့ဘူး။ နန်ကီပြောချင်တာ အဲ့လိုမျိုးပေါ့။ SAT TOEFL ကို တကယ်အားထုတ် ပြီးလုပ်ရင် သုံးလေးနှစ်မကြာဘူး။ အဲ့လောက်ကြာတယ်ဆိုတာ အပျော်လေးလုပ်လိုက် စာလေးနည်းနည်းလုပ်လိုက်နဲ့မို့ပါ။ အဲ့လို အေးအေးဆေးဆေးလေးလုပ်ချင်တယ်ဆိုရင် ဘွဲ့လေးတစ်ခုပါရအောင်လုပ်ထား။ ဂိမ်းဆော့ရင်းနဲ့ အချိန်တွေမကုန်စေပါနဲ့။


အဲ... ခုနကပြောသလို အရမ်းမြင့်တဲ့ကျောင်းတွေကိုမှန်းရင်လည်း ချက်ချင်းစာလိုက်နိုင်ဖို့ခက်ပါတယ်။ ကိုယ်က နယ်မြေအသစ် ကိုရောက်လာတာဆိုတော့ အိမ်လွမ်းတာတွေ ရည်းစားလေးကိုလွမ်းတာတွေ.. အများကြီးပေါ့။ ချက်ချင်းအသားကျမှာမဟုတ် တော့ စာကလည်းအရမ်းခက်မယ်ဆိုရင် ကိုယ်ပဲစိတ်ညစ်ရမှာ။ ရည်မှန်းချက်ကတော့ လူတိုင်းမြင့်တာပဲ။ နန်ကီတောင် Harvard က ဘွဲ့ရရမယ်လို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့် အဲ့လောက် အမြင့်ကြီးခုန်တက်ရအောင်... နိုး မဖြစ်နိုင်သေးဘူး။ မဖြစ်နိုင်ဘူး မပြောဘူးနော်။ အခု မဖြစ်နိုင်သေးတာ။ အဲ့တော့ မြန်မာကျောင်းသားတွေစဉ်းစားသင့်တာက အသင့်အတင့်လေးနဲ့ scholarship လည်းရမယ့် ကျောင်းမျိုးကိုအရင်လာ။ ဒါမှ အောက်ခြေခိုင်မှာ။ ပြီးမှ ဆက်ပြီး ကိုယ်လိုချင်တဲ့ ကျောင်းကိုပြောင်း။ ဒါဆို ပိုက်ဆံပို ကုန်တာပေါ့လို့ ပြောချင်တာလား။ ဒါပေမယ့် နိုင်ငံခြားမှာ တစ်ယောက်တည်းလာနေရတော့ ကိုယ့်ကိုကိုယ် ဘယ်လိုစောင့် ရှောက်ရမလဲ၊ လူတွေနဲ့ ဘယ်လိုအဆင်ပြေအောင်ဆက်ဆံရမလဲ၊ ဘ၀ဆိုတာ ဘယ်လောက်ခက်ခဲလဲဆိုတာတွေ သိလာရလိမ့် မယ်။ စိတ်ဓါတ်ရေးရာ ခိုင်မာလာအောင် အတွေ့အကြုံတွေက အများကြီးသင်ပေးတယ်။ လူက ပိုပြီး ရင့်ကျက်လာတယ်။ အဲ့ဒီ တော့ တကယ်လိုချင်ရင် တကယ်လုပ်။ တကယ်မလုပ်နိုင်ရင် တစ်ဆင့်ချင်းနဲ့ တက်ပါ။ ခုန်ကျော်နေလို့ကတော့ သင့်ရဲ့အချိန်တွေ သာ ကုန်သွားပါလိမ့်မယ်။


နောက်ပြီး မြန်မာနိုင်ငံမှာနေရင်းနဲ့ ဘာသာစကားတွေ၊ သင်တန်းတွေ အားသလောက်တတ်ထားပါ။ ဒါတွေက ဘယ်တော့မှ အချီး အနှီးမဖြစ်ပါဘူး။ ဒီရောက်မှ လေ့လာဖို့ဆိုတာ ငွေရေးကြေးရေးအရ ဈေးကြီးသလို သင်နည်းသင်ဟန်ကလည်း လုံးဝကိုက် မှာမဟုတ်ဘူး။ ဥပမာဆိုရင်... နန်ကီ ပြင်သစ်စာနဲ့ spanish သင်ချင်တယ်။ မြန်မာပြည်မှာတုန်းက spanish သင်ဖို့ ရှာတယ်။ သင်တန်းတွေ ရှိတော့ရှိတယ်။ သိပ်အဆင်မပြေဘူး။ ပြင်သစ်စာကျတော့ အင်္ဂလိပ်စာနဲ့ ရောမှာစိုးလို့ ဘာလို့နဲ့ နည်းနည်းလေးပဲ သင်ဖြစ်တယ်။ ဒီရောက်တော့ သူများပြောတာကို နားလည်ချင်တယ်၊ သူများ ပြောသလိုပြောတတ်ချင်တယ်။ တခြားနိုင်ငံကလာ တဲ့သူတွေအတွက်က သူတို့ဘာသာစကားက တော်တော်လေးလူသိများတယ် ဥပမာ တရုတ်၊ ဂျပန်၊ ကိုရီးယား... ကိုယ့်ဘာသာ စကားမပြောနဲ့ ကိုယ့်နိုင်ငံပြောရင်တောင် ဟမ် ဆိုတာ မထွက်ရင်မပြီးဘူး။ မသိကြတာများတယ်။ ကိုယ့်ဘာသာစကားကို ချစ်တာ က ချစ်တာတပိုင်း။ သူများနဲ့ တန်းတူဖြစ်အောင် တခြားဘာသာစကားတွေလည်း တတ်ထားသင့်ပါတယ်။


အဓိကကတော့ အချိန်တွေ မကုန်ပါစေနဲ့။ ဆယ်တန်းအောင်ခါစက နန်ကီ့အဖေ ပြောခဲ့သလိုပေါ့။ "သမီး သွားတက်ကြည့်လိုက်ပါ။ လမ်းကြောင်းတစ်ခုမြင်လာလိမ့်မယ်" နန်ကီ အမေရိကား မလာခင်ကလည်း ထပ်ပြောပါတယ် "သမီး သွားကြည့်လိုက်ပါ။ တစ်ခုခု တော့ ရလာမှာပါ" တဲ့။ အဲ့လိုပဲ လာကြည့်လိုက်ပါ။ အပြောင်းအလဲကိုကြောက်တယ်ဆိုပေမယ့် ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့ များပါတယ်။


nunki (နန်ကီ)
(ဝေဖန်မှုများကို ပက်ပက်စက်စက် လက်ခံသည်)
Thursday, March 10, 2011 1 comments

ဘ၀လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ...


ဒီနေ့ မနက် သူငယ်ချင်းက နှိုးလိုက်တာကြောင့် မနက် ၃ နာရီကတည်းက နိုးနေခဲ့တယ်။ မနိုးရင် လုံးဝ မနိုး၊ နိုးရင်လည်း ပြန် အိပ်လို့မရတော့တာ နန်ကီရဲ့အကျင့်။ အဲ့ဒါနဲ့ သီချင်းတွေ download ဆွဲလိုက်၊ သီချင်းနားထောင်လိုက်၊ facebook ပေါ်တက် လိုက်နဲ့ပေါ့။ အဲ့ဒီမှာ ကို @V တင်ထားတဲ့ "ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက်" ဆိုတာလေးကိုမြင်တော့ အရမ်းစိတ်ဝင်စားသွားတယ်။ နန်ကီကိုယ်တိုင်ကလည်း ခဏခဏစိတ်ကောက်တတ်တာကိုး။ ဖတ်လိုက်တော့ ချစ်သူတွေ စိတ်ကောက် တဲ့အကြောင်းမဟုတ်ဘဲ အိမ်ထောင်ရေးတစ်ခုမှာ ကြားလူတွေဝင်လာလို့ အိမ်ထောင်ရေး ပြိုကွဲမတတ်ဖြစ် ခဲ့ရတဲ့ ဇာတ်လမ်းလေးဖြစ်နေတယ်။ မိဘတွေ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြားလူလို့ ပြောရင် အရမ်းတရား လွန်သွားမလား။ ရိုင်းသွားမ လား။ ဒါပေမယ့် အဲ့ဒါက အမှန်ပါပဲ။

မိသားစုချင်းတောင် နားမလည်နိုင်တာ.. ကိုယ့်ဆီပါလာ မယ့် ဇနီး ယောင်္ကျားရဲ့ တဖက် မိသားစုဆိုတာ ပိုတောင်ဆိုးတာပေါ့။ အတတ်နိုင်ဆုံးနားလည်အောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပဲပေါ့။ နန်ကီ အိမ်ထောင်ရေးကို စိတ်ကုန်တယ်လို့ ပြောရင် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလို့ ပြောရင် လူတွေက တအံတသြနဲ့ မဖြစ်နိုင်တာလို့ပြောကြတယ်။ စဉ်းစားရင် ဟုတ်ပါတယ်။ အိမ်ထောင်မပြုရင် အသက်ကြီး လာရင် ဒုက္ခ။ တကယ်တော့ နန်ကီ ၁၆ နှစ် ၁၇ လောက်တုန်းကတော့ အိမ်ထောင်ရေးကို အရမ်းစိတ်ဝင် စားပါတယ်။ သာယာတဲ့ အသိုက်အမြုံလေးတစ်ခု အမြဲလိုချင်ခဲ့တယ်။ အခြေအနေတစ်ခုခုကြောင့် မိဘများက ကိုယ့်ကို အချိန်အများကြီးမပေးနိုင်တာကြောင့် ကိုယ်အိမ်ထောင်ပြုခဲ့ရင်တောင် မိသားစုက ပထမဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ၁၇ ကျော်ကျော်လောက်မှာ ဒေါ်နန်ကီ ၀တ္ထုအသေဖတ်တဲ့ အချိန်ပေါ့။ စာရေးဆရာ၊ ဆရာမ ဘယ်သူမရွေးဘူး... ခေါင်းစဉ်ကို စိတ်ဝင်စားရင် အကုန်ဖတ်တယ်။ အဲ့ဒီ အချိန်မှာ ဘယ်ဝတ္ထုကလဲ မသိ၊ အကြောင်းအရာတစ်ခုက နန်ကီ့ရဲ့ ရင်ထဲကို သံနဲ့ရိုက်သလို စွဲပြီး နစ်ဝင်သွားတယ်။


အဲ့ဒီ ၀တ္ထုလေး အကြောင်းကိုတော့ အကျဉ်းချုပ်လောက်ပဲပြောပါမယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ ချစ်ကြတယ်ပေါ့။ ကောင် လေးက တယောထိုးသင်တဲ့ဆရာပေါက်စလေး။ ကောင်မလေးက ချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းကလာတဲ့ ဆရာဝန် လောင်းလေး။ စဉ်းစားကြည့်ရင် ပြဿနာကို တွေးကြည့်လို့ ရပါတယ်။ ကောင်မလေးဘက်ကသဘောမတူတော့ ကောင်မလေးက သူ့မိသားစုကိုစွန့်ပြီး ကောင်လေး ခေါ်ရာ ကောက်ကောက်ပါလိုက်သွားခဲ့တယ်။ နှစ်ယောက်သားအရမ်းချစ်ကြပေမယ့် ကြားလူလို့ ပြောလို့ရ တဲ့ ကောင်လေးရဲ့ မိဘတွေ မောင်နှမတွေက သွေးထိုးတာတွေကြောင့် ကြာလာတော့ တော်တော်လေး အဆင်မပြေ ဖြစ်ကြ၊ ရန်ဖြစ်ကြနဲ့ပေါ့။ အဲ့ဒါနဲ့ ကောင်မလေးက ဘယ်မှာပဲနေရ နေရ.. အတူတူမနေရရင်ပြီး ရောဆိုပြီး တဲပုတ်လို့မ ခေါ်နိုင်ပေမယ့် အဲ့လောက်သာသာလောက်ပဲရှိတဲ့ နေရာမှာပဲ သက်သက်သာသာ နဲ့ရှာပြီး ခွဲနေကြတယ်။ အဲ့ဒီမှာ ကောင်လေးက သူရှာလို့ရသမျှကို သူ့အမေအိမ်အကုန်အပ်၊ ပစ္စည်းတွေ ၀ယ်ပေးနဲ့။ ကောင်မလေးခမျာ ကောင်လေးပြန်လာရင် ဖွယ်ဖွယ်ရာ ရာစားနိုင်အောင် အတတ်နိုင်ဆုံးပြင် ဆင်နေတာပေါ့။ ဒါပေမယ့် ကောင်လေးကလည်း ပိုက်ဆံပြန်မအပ် ကောင်မလေးကလည်း ကျောင်းသူဆို တော့ အလုပ်မရှိနဲ့... နေ့စာ ညစာတွေက မဖွယ်မရာဖြစ်လာတာပေါ့။ ကောင်မလေးမှာပါလာတဲ့ လက် ၀တ်ရတနာကလည်း သူတို့ အိမ်ခွဲမနေခင်ကတည်း ယောက္ခတွေ ခယ်မတွေ ချူတာနဲ့ တော်တော်ချာ သွားခဲ့ပြီ။ နောက်ပိုင်း မဖွယ်ရာတဲ့ အစားအသောက်တွေကြောင့် ကောင်မလေးကို ရန်ရှာသောင်းကျန်ပါ တော့တယ်။ အဲ့ဒီ့နောက်ပိုင်း ကောင်လေးက အိမ်ပြန်ထမင်းမစား ဘာမစားနဲ့ နောက်ဆုံး အိပ်မှပဲ အိမ်ပြန်တော့တဲ့အဆင့်ရောက်သွားပါတော့တယ်။ ကောင်မလေးက သည်းမခံနိုင်တဲ့အဆုံးမေးတဲ့အခါ ကောင်လေးပြောလိုက်တဲ့ စကားက နန်ကီရင်ထဲမှာ ခုထိပဲ့တင်သံထပ်နေတုန်းပဲ။
"လောကကြီးမှာ အမေဆိုတာ နှစ်ခါပြန်မရဘူး၊ မိန်းမဆိုတာ ဘယ်နှစ်ခါရှာရှာပြန်ရနိုင်တယ်ကွ" တဲ့။
ပြောရက်လေခြင်း.... အမေဆိုတာ နှစ်ခါပြန်မရဘူး မှန်တယ်ဆိုပေမယ့် မိန်းကလေးတစ်ယောက်ကို နစ်မွန်းအောင်ဆွဲခေါ်ခဲ့ပြီးမှ ခိုလှုံစရာအရိပ်မပြောနဲ့ သူ့အိမ်ရိပ်တောင် သူမနင်းနိုင်အောင်လုပ်ပြီးမှ သွားချင်ရာသွား ငါကတော့ ငါ့အမေနားမှာ နေဦးမှာပဲဆို တာကြီးကတော့ လူမဆန်တဲ့အတွေးမျိုးပါ။ ဒါက ၀တ္ထုတစ်ခုပဲ၊ အပြင်မှာရှိမှာမှမဟုတ်တာလို့ ပြောကြပေမယ့် ဘယ်သူကအပ် တပ်ပြောနိုင်မှာလဲ။ ပြောရရင် နန်ကီလည်း မိသားစုကို အရမ်းချစ်တဲ့သူတစ်ယောက်ပါ။ ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ဘ၀ကိုတော့ ကိုယ်ကပဲဆုံးဖြတ်ရမှာပါ။ သူတို့ဝင်စွက်ဖက်မယ်ဆိုရင်တောင် အတိုင်းအတာတော့ရှိတာပဲမဟုတ်လား။

အထက်ကပြောခဲ့တဲ့ ပုံပြင်လေးလိုပါပဲ။ ယောင်္ကျားလေးတွေက ကိုယ့်ဇနီးနဲ့ အမေ ဆိုရင် အမေကို ရွေးကြတာပဲလား?? မနှိုင်း ယှဉ်ကောင်းပါဘူး သိပါတယ်။ ဒါပေမယ့် ဘာလို့ အမှန်တရားကို မမြင်ကြ တာလဲ။ ဘာလို့ ဘက်မျှအောင်မတွေးနိုင်ကြတာလဲ။ နန်ကီ ဒီဝတ္ထုလေးတစ်ခုတည်းကြောင့် ယောင်္ကျားမ ယူမယ့် ဆုံးဖြတ်ချက်တွေခိုင်မာနေတာမဟုတ်ပါဘူး။ တခြားအတွေ့အကြုံ တွေ့လည်း ကိုယ်တိုင်မကြုံပေမယ့် ကိုယ့်ရှေ့မှာဖြစ်ပျက်နေတာတွေမြင်နေခဲ့ရလို့ပါ။ ချစ်သူတွေမှာ တကယ်တမ်း တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြပြီဆိုရင် စာချုပ်ကလိုသေးလို့လား၊ တခမ်းတနားနဲ့စင်မြင့်ပေါ်တတ်ဖို့လိုသေးလို့လား။ Living together ဆိုတာကြားရတာသာ သိပ်မရင်းနှီးသေးပေမယ့် နှစ်ဦးနှစ်ဖက်လုံးအတွက် ပိုကောင်းတဲ့ choice တစ်ခုဖြစ်နိုင်တယ်လို့မြင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တကယ်ချစ်ကြပြီ ဆိုရင် အဓိက ကနှစ်ယောက်စလုံး အဆင်ပြေဖို့ပဲမဟုတ်ဘူးလား။ အဲ့ဒီ တော့ ကောင်မလေးတွေ သိသင့်တာက...
- အပေါ်ယံကြည့်ရုံနဲ့ လူတစ်ယောက်ကို ဘ၀တစ်ခုလုံးအတွက် ပုံအပ်ဖို့မစဉ်းစားပါနဲ့
- ခဏလေးတွေ့တွေ့ပြီး ကိုယ့်အပေါ်ကောင်းနေတာက တချိန်လုံးကောင်းနေမှာပါလို့ မယုံမှားလိုက်ပါနဲ့
- လက်ထပ်ဖို့ဆုံးဖြတ်တာဟာ ဘယ်သူ့ဖိအားကြောင့်မှမဖြစ်စေပါနဲ့ (ဥပမာ သူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ)
- တကယ်လက်ထပ်ဖို့ စဉ်းစားပြီဆိုရင် နေထိုင်ရေးကအစ သေသေချာချာညှိုယူပါ
-နောက်ဆုံးတစ်ချက်ကတော့ သူ ကိုယ့်အပေါ်ဘယ်လောက်သည်းခံနိုင်မလဲ စဉ်းစားမယ့်အစား ကိုယ်သူ့ပေါ်ကို ဘယ်လောက် သည်းခံနိုင်မှာလဲဆိုတာကို တွေးပြီးမှ လက်ထပ်ဖို့ မလက်ထပ်ဖို့ စဉ်းစားပါ။


နန်ကီက ညီမငယ်များအားလုံးကို နန်ကီ့လို အိမ်ထောင်မပြုဖို့ အပျိုကြီး စာရင်းသွင်းနေတာလားမေးရင်.. ဟဲဟဲ မဟုတ်ရပါဘူး ရှင်။ နန်ကီက သိပ်သိ သိပ်တတ်မဟုတ်ပေမယ့် အကုန်လုံးကို တကယ်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်စေချင်တာပါ။ ကိုယ့်ဘက်က ready မဖြစ်သေးရင်... အိမ်ထောင်ပြုဖို့ကို အလျင်စလိုမဆုံးဖြတ်ကြပါနဲ့လို့....

nunki (နန်ကီ)
Monday, March 7, 2011 0 comments

သူ ငါ့ကို တကယ်ချစ်ရဲ့လား??? ဘယ်လိုသိနိုင်မလဲ ???

ဒါလေးကို ရေးဖြစ်တဲ့ အကြောင်းလေးက ညီမလေး Black/white ကြောင့်ပါပဲ။ သူက skype ပေါ်မှာ စကားပြောနေကြရင်း "အမ... လူတစ်ယောက်က ကိုယ့်ကို တကယ်ချစ်တယ် မချစ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ" တဲ့။ နည်းနည်းလေးတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ အဲ့ဒီ မေးခွန်းကို တကယ်မှ မစဉ်းစားမိဘူး။ အမြဲတမ်းယူဆခဲ့တာက သူက ကိုယ့်ကို ချစ်ပါတယ်ဆိုမှတော့ ချစ်လို့ပဲပေါ့လို့ ထင်ခဲ့တာ။ အဲ့ဒါနဲ့ ထုံးစံအတိုင်း google ပါတယ်။ ဒီစောင်းပါးလေးကို သွားတွေ့ပါတယ်။
Does he really love me???
အချစ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ တော်တော်ခက်ပါတယ်။ relationship တစ်ခုထဲကို ပြန်ဝင်လိုက် ပြန်ထွက်လိုက် ဖြစ်နေတာမျိုး လည်း သင့်ရဲ့ဘ၀မှာ ကြုံဖူးမှာပါ။ သင် အချစ်ဆိုတာကိုတွေ့ရှိပြီဆိုရင် ပျော်ရွှင်မှုတွေ ခံစားရပြီး လောကကြီးက အရင်နဲ့မတူ လှပနေတတ်ပါတယ်။ သင့်ရဲ့ စိတ်လှုပ်ရှား ခံစားမှုတွေကို ဘယ်အရာကမှ ခြေဖျက်လို့မရနိုင်တဲ့အထိပေါ့။ ဒါပေမယ့် "သူ ငါ့ကို တကယ်ချစ်ရဲ့လား" ဆိုပြီး သင့်ကိုယ်သင် မေးလေ့ရှိတယ်မလား။ သင့်ရဲ့ အချစ်တွေ ခံစားချက်တွေ ကို သင့်ကို ရက်ရက် စက် စက် အသည်းခွဲသွားမဲ့သူဆီမှာ အလကားက အကုန်မခံချင်ဘူး မဟုတ်လား။

အားလုံးက တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးဆို အားလုံး သိထားတဲ့အတိုင်းပါပဲ။ တစ်ချို့ ယောင်္ကျားလေးတွေက ခံစား ချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြတတ်ပေမယ့် တစ်ချို့တော့ ကျိတ်ကျိတ်လေး ခံစားပြီး ချစ်နေရတာကို ပိုသဘောကျတတ်ပါ တယ်။ သူ သင့်ကို တကယ်ချစ်လား မချစ်လားသိချင်ရင်တော့ သူရဲ့ သင့်အပေါ် အပြုအမူတွေ၊ သူရဲ့ လှုပ်ရှားမှုက ပြောတဲ့ စကား တွေ၊ ပြီးတော့ သင့်ကို သူဘာတွေပြောပြလဲဆိုတာကို လေ့လာကြည့်ပေါ့။

ယောင်္ကျားလေးတစ်ယောက်က သင့်ကို တကယ်ချစ်ပြီဆိုရင် သင်နဲ့ ပတ်သက်ပြီး သူ့မှာဖြစ်ချင်တာတွေ များနေမယ်။ သူအမြဲ တမ်း သင်ကို ဖုန်းဆက်ဖို့၊ သင်နဲ့ တွေ့ဖို့၊ သင်နဲ့ အချိန်တွေကုန်ဆုံးဖို့ကို စိတ်အား ထက်သန်လိမ့်မယ်။ သင့်ကို သူက အရမ်း ချစ်တယ်ဆိုရင် သင် ဘာတွေးနေလဲက အစ သင့်ရဲ့ အတွေး တွေကို သူသိချင်နေလိမ့်မယ်။ သင့် သူ့နားမှာရှိတဲ့အချိန်ဆိုရင် သူ အရမ်း တက်ကြွနေလိမ့်မယ်။

သူသင့်ကို ချစ်ပြီဆိုရင် သူရဲ့ အိမ်မက်တွေ၊ ဘ၀ရည်မှန်းချက်တွေနဲ့ ခံစားချက်တွေကို ပြောပြမယ်။ သူဘ၀ရဲ့ အပျော်ဆုံးအချိန် တွေ စိတ်ညစ်ခဲ့ရတဲ့အချိန်တွေကို ဝေမျှလိမ့်မယ်။ သူက သင့်ကို တကယ်ချစ် ပြီး သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါစေချင်ရင် သူရဲ့အကြောင်းတွေကို သင့်ကို အသေးစိတ်ပြောပြ ပါလိမ့်မယ်။ "ကို ဒီအကြောင်းကို ဘယ်သူ့ကိုမှ တစ်ခါမှတော့ မပြောဖူးဘူး.. ဒါပေမယ့်.... " အဲ့လိုစလာ ပြီဆိုရင်တော့ အခြေအနေကောင်းတဲ့ အနေအထားလေးပါ။

နောက်တစ်ချက်က သင် သူ့ကို မသိခင်ကတည်း သူနဲ့ သိတဲ့သူတွေပြောတာကို နည်းနည်းနားစွင့်ထားပါ။ သူရဲ့ သူငယ်ချင်း ဒါမှမ ဟုတ် မိသားစုက သင်နဲ့ တွေ့မှ သူ ပိုပြီး ပျော်လာပုံရတယ်လို့ ပြောသလား။ သူပြောသမျှ စကားတွေထဲမှာ သင့်အကြောင်းတွေပဲ ဖြစ်နေတတ်လား။ ဒါဆိုရင်တော့ သင်ဟာ သူ့ရဲ့ အတွေးထဲမှာတင်မကပဲ... သူ့ရင်ထဲက နေရာတစ်ခုကို သင်ပိုင်ဆိုင်လိုက်ပါပြီ။

သူက သင့်အတွက် စွန့်စားမှုတွေကို ပြုလုပ်တတ်ပါလား။ စွန့်စားတယ်ဆိုတာ အန္တရာယ်ရှိတဲ့အရာတွေ လုပ်မှ မဟုတ်ပါဘူး။ ဥပမာဆိုရင် သူက ကတာကို မုန်းတယ်။ ဒါပေမယ့် သင်က ကတာကိုကြိုက်နှစ် သက်လို့ သူက ကဖို့ကြိုးစားတာလေးမျိုးပေါ့။ သူက သင့်အတွက် ဘာပဲလုပ်ပေးရ တန်တယ်လို့ထင်ရင် သူ မကြိုက်တဲ့ သက်တောင့်သက်သာမရှိတဲ့ အရာတွေကို ကြိုးစားပြီး လုပ်ပေးပါလိမ့်မယ်။

ဒီတော့ သူက အစပိုင်းမှာ သူ့ရဲ့အချစ်တွေ ခံစားချက်တွေကို သိပ်မပြဘူးဆိုရင် မစိုးရိမ်ပါနဲ့။ တကယ်ချစ် လာပြီဆိုရင် ခံစားချက် တွေက ပွင့်အထွက်လာမှာပါ။ သင့်ကို တကယ်ချစ်တဲ့ယောင်္ကျားဟာ သင်နဲ့ ကစားမှာမဟုတ်သလို သင့်ဘက် တုန့်ပြန်မှုကြီးပဲ စောင့်နေမှာမဟုတ်ပါဘူး။ သူတကယ်ချစ်တယ်ဆိုရင် သင့်ကို သူ လိုအပ်နေမှာပဲ... အချိန်တိုင်း အရာအားလုံးတိုင်းအတွက်ပေါ့။

ဒါလေးကတော့ နန်ကီ website တစ်ခုမှာရှာတွေ့တာလေးကို ဘာသာပြန်ပေးလိုက်တာပါ။ စာရေးဆရာ Sharon A ဖြစ်ပါတယ်။ ချစ်ညီမငယ်များအားလုံး ကိုယ့်ရဲ့ စစ်မှန်တဲ့ နှလုံးသားတစ်စုံကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

nunki (နန်ကီ)
Ref : http://www.life123.com/relationships/dating/falling-in-love/does-he-really-love-me.shtml
Thursday, March 3, 2011 2 comments

နင် နဲ့ ငါ


ချစ်သူ
နာကျင်မှုတွေကြောင့် အားငယ်ခဲ့တဲ့နင်
လွမ်းဆွတ်မှုတွေကြောင့် စိတ်ပျက်ခဲ့တဲ့ငါ
မပြီးပြည့်စုံတဲ့ ဘ၀နှစ်ခု
ဆုံမှတ်မှာ တစ်ထပ်တည်းကျတဲ့အခါ
အဓိပ္ပါယ်တွေ ပိုလေးနက်လာတယ်။

လေးနက်မှုတွေကို ငါခြေရာလိုက်ခဲ့ပေမယ့်
နင်မပါခဲ့ဘူး ငါတစ်ယောက်တည်း
အားမရှိခဲ့ဘူး သိမ်ငယ်ခဲ့တယ်
နောက်ဆုံး နာကျည်းခဲ့ပြီ။

နင်မက်တယ် ပြောခဲ့တဲ့အိပ်မက်
ငါယုံကြည့်ခဲ့တဲ့ မျှော်လင့်ချက်
လှည့်ကြည့်တိုင်း အရိပ်ခြေပျောက်
ပြေးလိုက်တိုင်း လမ်းပျောက်ခဲ့တယ်
နင်ဘေးမှာ မရှိတဲ့အချိန်မှာလေ။

နင့်ရဲ့ လျစ်လျှူရှုမှုတွေ ငါ့ပေါ်ကျလာတဲ့အခါ
အားငယ်တတ်တဲ့ ငါ့နှလုံသား
ခြောက်ချားပြီး ကမ္ဘာပျက်ခဲ့တယ်
နင်သိခဲ့တယ်
ဒါပေမယ့် ငါ့မျက်ရည်တွေကို နင် ဂုဏ်ယူတတ်နေပြီလေ။

ငါကြိုးစားပါတယ် အစွမ်းကုန်ပဲ
ရှုံးနိမ့်မှုတွေကို ကြောက်ရွံ့ပေမယ့်
နာကျင်မှုတွေက ခွန်အားတွေဖြစ်ခဲ့ပြီ။
နင့်လိုပဲပေါ့
ငါ အောင်မြင်မှာပါ ဆုတောင်းပေးပေါ့ဟာ....

nunki (နန်ကီ)
 
;