ဒီနေ့ မနက် သူငယ်ချင်းက နှိုးလိုက်တာကြောင့် မနက် ၃ နာရီကတည်းက နိုးနေခဲ့တယ်။ မနိုးရင် လုံးဝ မနိုး၊ နိုးရင်လည်း ပြန် အိပ်လို့မရတော့တာ နန်ကီရဲ့အကျင့်။ အဲ့ဒါနဲ့ သီချင်းတွေ download ဆွဲလိုက်၊ သီချင်းနားထောင်လိုက်၊ facebook ပေါ်တက် လိုက်နဲ့ပေါ့။ အဲ့ဒီမှာ ကို @V တင်ထားတဲ့ "ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက်" ဆိုတာလေးကိုမြင်တော့ အရမ်းစိတ်ဝင်စားသွားတယ်။ နန်ကီကိုယ်တိုင်ကလည်း ခဏခဏစိတ်ကောက်တတ်တာကိုး။ ဖတ်လိုက်တော့ ချစ်သူတွေ စိတ်ကောက် တဲ့အကြောင်းမဟုတ်ဘဲ အိမ်ထောင်ရေးတစ်ခုမှာ ကြားလူတွေဝင်လာလို့ အိမ်ထောင်ရေး ပြိုကွဲမတတ်ဖြစ် ခဲ့ရတဲ့ ဇာတ်လမ်းလေးဖြစ်နေတယ်။ မိဘတွေ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြားလူလို့ ပြောရင် အရမ်းတရား လွန်သွားမလား။ ရိုင်းသွားမ လား။ ဒါပေမယ့် အဲ့ဒါက အမှန်ပါပဲ။
မိသားစုချင်းတောင် နားမလည်နိုင်တာ.. ကိုယ့်ဆီပါလာ မယ့် ဇနီး ယောင်္ကျားရဲ့ တဖက် မိသားစုဆိုတာ ပိုတောင်ဆိုးတာပေါ့။ အတတ်နိုင်ဆုံးနားလည်အောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပဲပေါ့။ နန်ကီ အိမ်ထောင်ရေးကို စိတ်ကုန်တယ်လို့ ပြောရင် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလို့ ပြောရင် လူတွေက တအံတသြနဲ့ မဖြစ်နိုင်တာလို့ပြောကြတယ်။ စဉ်းစားရင် ဟုတ်ပါတယ်။ အိမ်ထောင်မပြုရင် အသက်ကြီး လာရင် ဒုက္ခ။ တကယ်တော့ နန်ကီ ၁၆ နှစ် ၁၇ လောက်တုန်းကတော့ အိမ်ထောင်ရေးကို အရမ်းစိတ်ဝင် စားပါတယ်။ သာယာတဲ့ အသိုက်အမြုံလေးတစ်ခု အမြဲလိုချင်ခဲ့တယ်။ အခြေအနေတစ်ခုခုကြောင့် မိဘများက ကိုယ့်ကို အချိန်အများကြီးမပေးနိုင်တာကြောင့် ကိုယ်အိမ်ထောင်ပြုခဲ့ရင်တောင် မိသားစုက ပထမဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ၁၇ ကျော်ကျော်လောက်မှာ ဒေါ်နန်ကီ ၀တ္ထုအသေဖတ်တဲ့ အချိန်ပေါ့။ စာရေးဆရာ၊ ဆရာမ ဘယ်သူမရွေးဘူး... ခေါင်းစဉ်ကို စိတ်ဝင်စားရင် အကုန်ဖတ်တယ်။ အဲ့ဒီ အချိန်မှာ ဘယ်ဝတ္ထုကလဲ မသိ၊ အကြောင်းအရာတစ်ခုက နန်ကီ့ရဲ့ ရင်ထဲကို သံနဲ့ရိုက်သလို စွဲပြီး နစ်ဝင်သွားတယ်။
အဲ့ဒီ ၀တ္ထုလေး အကြောင်းကိုတော့ အကျဉ်းချုပ်လောက်ပဲပြောပါမယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ ချစ်ကြတယ်ပေါ့။ ကောင် လေးက တယောထိုးသင်တဲ့ဆရာပေါက်စလေး။ ကောင်မလေးက ချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းကလာတဲ့ ဆရာဝန် လောင်းလေး။ စဉ်းစားကြည့်ရင် ပြဿနာကို တွေးကြည့်လို့ ရပါတယ်။ ကောင်မလေးဘက်ကသဘောမတူတော့ ကောင်မလေးက သူ့မိသားစုကိုစွန့်ပြီး ကောင်လေး ခေါ်ရာ ကောက်ကောက်ပါလိုက်သွားခဲ့တယ်။ နှစ်ယောက်သားအရမ်းချစ်ကြပေမယ့် ကြားလူလို့ ပြောလို့ရ တဲ့ ကောင်လေးရဲ့ မိဘတွေ မောင်နှမတွေက သွေးထိုးတာတွေကြောင့် ကြာလာတော့ တော်တော်လေး အဆင်မပြေ ဖြစ်ကြ၊ ရန်ဖြစ်ကြနဲ့ပေါ့။ အဲ့ဒါနဲ့ ကောင်မလေးက ဘယ်မှာပဲနေရ နေရ.. အတူတူမနေရရင်ပြီး ရောဆိုပြီး တဲပုတ်လို့မ ခေါ်နိုင်ပေမယ့် အဲ့လောက်သာသာလောက်ပဲရှိတဲ့ နေရာမှာပဲ သက်သက်သာသာ နဲ့ရှာပြီး ခွဲနေကြတယ်။ အဲ့ဒီမှာ ကောင်လေးက သူရှာလို့ရသမျှကို သူ့အမေအိမ်အကုန်အပ်၊ ပစ္စည်းတွေ ၀ယ်ပေးနဲ့။ ကောင်မလေးခမျာ ကောင်လေးပြန်လာရင် ဖွယ်ဖွယ်ရာ ရာစားနိုင်အောင် အတတ်နိုင်ဆုံးပြင် ဆင်နေတာပေါ့။ ဒါပေမယ့် ကောင်လေးကလည်း ပိုက်ဆံပြန်မအပ် ကောင်မလေးကလည်း ကျောင်းသူဆို တော့ အလုပ်မရှိနဲ့... နေ့စာ ညစာတွေက မဖွယ်မရာဖြစ်လာတာပေါ့။ ကောင်မလေးမှာပါလာတဲ့ လက် ၀တ်ရတနာကလည်း သူတို့ အိမ်ခွဲမနေခင်ကတည်း ယောက္ခတွေ ခယ်မတွေ ချူတာနဲ့ တော်တော်ချာ သွားခဲ့ပြီ။ နောက်ပိုင်း မဖွယ်ရာတဲ့ အစားအသောက်တွေကြောင့် ကောင်မလေးကို ရန်ရှာသောင်းကျန်ပါ တော့တယ်။ အဲ့ဒီ့နောက်ပိုင်း ကောင်လေးက အိမ်ပြန်ထမင်းမစား ဘာမစားနဲ့ နောက်ဆုံး အိပ်မှပဲ အိမ်ပြန်တော့တဲ့အဆင့်ရောက်သွားပါတော့တယ်။ ကောင်မလေးက သည်းမခံနိုင်တဲ့အဆုံးမေးတဲ့အခါ ကောင်လေးပြောလိုက်တဲ့ စကားက နန်ကီရင်ထဲမှာ ခုထိပဲ့တင်သံထပ်နေတုန်းပဲ။
"လောကကြီးမှာ အမေဆိုတာ နှစ်ခါပြန်မရဘူး၊ မိန်းမဆိုတာ ဘယ်နှစ်ခါရှာရှာပြန်ရနိုင်တယ်ကွ" တဲ့။
ပြောရက်လေခြင်း.... အမေဆိုတာ နှစ်ခါပြန်မရဘူး မှန်တယ်ဆိုပေမယ့် မိန်းကလေးတစ်ယောက်ကို နစ်မွန်းအောင်ဆွဲခေါ်ခဲ့ပြီးမှ ခိုလှုံစရာအရိပ်မပြောနဲ့ သူ့အိမ်ရိပ်တောင် သူမနင်းနိုင်အောင်လုပ်ပြီးမှ သွားချင်ရာသွား ငါကတော့ ငါ့အမေနားမှာ နေဦးမှာပဲဆို တာကြီးကတော့ လူမဆန်တဲ့အတွေးမျိုးပါ။ ဒါက ၀တ္ထုတစ်ခုပဲ၊ အပြင်မှာရှိမှာမှမဟုတ်တာလို့ ပြောကြပေမယ့် ဘယ်သူကအပ် တပ်ပြောနိုင်မှာလဲ။ ပြောရရင် နန်ကီလည်း မိသားစုကို အရမ်းချစ်တဲ့သူတစ်ယောက်ပါ။ ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ဘ၀ကိုတော့ ကိုယ်ကပဲဆုံးဖြတ်ရမှာပါ။ သူတို့ဝင်စွက်ဖက်မယ်ဆိုရင်တောင် အတိုင်းအတာတော့ရှိတာပဲမဟုတ်လား။
အထက်ကပြောခဲ့တဲ့ ပုံပြင်လေးလိုပါပဲ။ ယောင်္ကျားလေးတွေက ကိုယ့်ဇနီးနဲ့ အမေ ဆိုရင် အမေကို ရွေးကြတာပဲလား?? မနှိုင်း ယှဉ်ကောင်းပါဘူး သိပါတယ်။ ဒါပေမယ့် ဘာလို့ အမှန်တရားကို မမြင်ကြ တာလဲ။ ဘာလို့ ဘက်မျှအောင်မတွေးနိုင်ကြတာလဲ။ နန်ကီ ဒီဝတ္ထုလေးတစ်ခုတည်းကြောင့် ယောင်္ကျားမ ယူမယ့် ဆုံးဖြတ်ချက်တွေခိုင်မာနေတာမဟုတ်ပါဘူး။ တခြားအတွေ့အကြုံ တွေ့လည်း ကိုယ်တိုင်မကြုံပေမယ့် ကိုယ့်ရှေ့မှာဖြစ်ပျက်နေတာတွေမြင်နေခဲ့ရလို့ပါ။ ချစ်သူတွေမှာ တကယ်တမ်း တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြပြီဆိုရင် စာချုပ်ကလိုသေးလို့လား၊ တခမ်းတနားနဲ့စင်မြင့်ပေါ်တတ်ဖို့လိုသေးလို့လား။ Living together ဆိုတာကြားရတာသာ သိပ်မရင်းနှီးသေးပေမယ့် နှစ်ဦးနှစ်ဖက်လုံးအတွက် ပိုကောင်းတဲ့ choice တစ်ခုဖြစ်နိုင်တယ်လို့မြင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တကယ်ချစ်ကြပြီ ဆိုရင် အဓိက ကနှစ်ယောက်စလုံး အဆင်ပြေဖို့ပဲမဟုတ်ဘူးလား။ အဲ့ဒီ တော့ ကောင်မလေးတွေ သိသင့်တာက...
- အပေါ်ယံကြည့်ရုံနဲ့ လူတစ်ယောက်ကို ဘ၀တစ်ခုလုံးအတွက် ပုံအပ်ဖို့မစဉ်းစားပါနဲ့
- ခဏလေးတွေ့တွေ့ပြီး ကိုယ့်အပေါ်ကောင်းနေတာက တချိန်လုံးကောင်းနေမှာပါလို့ မယုံမှားလိုက်ပါနဲ့
- လက်ထပ်ဖို့ဆုံးဖြတ်တာဟာ ဘယ်သူ့ဖိအားကြောင့်မှမဖြစ်စေပါနဲ့ (ဥပမာ သူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ)
- တကယ်လက်ထပ်ဖို့ စဉ်းစားပြီဆိုရင် နေထိုင်ရေးကအစ သေသေချာချာညှိုယူပါ
-နောက်ဆုံးတစ်ချက်ကတော့ သူ ကိုယ့်အပေါ်ဘယ်လောက်သည်းခံနိုင်မလဲ စဉ်းစားမယ့်အစား ကိုယ်သူ့ပေါ်ကို ဘယ်လောက် သည်းခံနိုင်မှာလဲဆိုတာကို တွေးပြီးမှ လက်ထပ်ဖို့ မလက်ထပ်ဖို့ စဉ်းစားပါ။
နန်ကီက ညီမငယ်များအားလုံးကို နန်ကီ့လို အိမ်ထောင်မပြုဖို့ အပျိုကြီး စာရင်းသွင်းနေတာလားမေးရင်.. ဟဲဟဲ မဟုတ်ရပါဘူး ရှင်။ နန်ကီက သိပ်သိ သိပ်တတ်မဟုတ်ပေမယ့် အကုန်လုံးကို တကယ်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်စေချင်တာပါ။ ကိုယ့်ဘက်က ready မဖြစ်သေးရင်... အိမ်ထောင်ပြုဖို့ကို အလျင်စလိုမဆုံးဖြတ်ကြပါနဲ့လို့....
nunki (နန်ကီ)
1 comments:
really thanks...nunki....
after i read your post, i need to think again for my marriage.
hnin chitthu
Post a Comment