မြန်မာပြည်ရဲ့ ဂီတလောကဟာ စုပ်ပြတ်သတ်ပြီး အရှက်မရှိတာတွေလုပ်၊ ကော်ပီတွေ ပလူပျံနေတာပဲလို့ လူတွေက အပ်ကြောင်းထပ်ပြီးရင် ထပ်ကာ ထပ်ကာ ပြောဆိုနေတာကို အများကြီး မြင်ရ ကြားနေရပါ တယ်။ ဟုတ်ပါတယ် ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ စကားတိုင်း အလုပ်တိုင်းမှာ "ဒါပေမယ့်" ဆို တာအမြဲရှိပါတယ်။ ဒီတော့ ကျွန်မလည်း ဒီမှာ "ဒါပေမယ့်" ဆိုတာကို မြင်တာလေးတွေ ပြောချင်ပါတယ်။
ပထမဆုံးကတော့ ကော်ပီတွေ ကိစ္စပေါ့။ အဲ့ဒီ့ ကိစ္စဟာ အခုထိ နိုင်ငံတကာ အထိပါ ပြန့်လာပါပြီ။ ဟိုတလောမှ နိုင်ငံခြားသား တစ်ယောက်က ကျွန်မတို့ နိုင်ငံကို ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ကျွန်မတို့ နိုင်ငံရဲ့ ကော်ပီ သီချင်းတွေအကြောင်းကို ပြောသွားပါတယ်။ ဟုတ်ပါတယ် ဒါဟာ ရှက်စရာပါ။ ဒါပေမယ့် သီချင်းတစ်ပုဒ်ကို သံစဉ်ရော၊ စာသားပါ ရေးတာဟာ တေးရေးတွေရဲ့ တာဝန်ပါ။ မြန်မာနိုင်ငံရဲ့ အဆိုတော် ဦးရေဟာ ဘယ်လောက်ရှိလဲဆိုတာ သိကြပါသလား။ အဲ့ဒီ့နောက်မှာ တေးရေးဆရာကော ဘယ်နှစိယောက်ရှိပါသလဲ။ နိုင်ငံခြားမှာကတော့ ကိုယ်တိုင်တီး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုကြတာများပါတယ်။ ဖန်တီးတဲ့ နည်းလမ်းကိုက မတူပါဘူး။ ဒီတော့ ဘာလို့ အဆိုတော်တွေ ကိုယ်တိုင်မရေးကြတာလဲ မေးကောင်း မေးပါမယ်။ ကျွန်မကလည်း မေးခွန်းတစ်ခွန်းပြန်မေးချင်ပါတယ်။ "ကျွန်မတို့ နိုင်ငံရဲ့ အနုပညာဟာ ဘယ်လောက်တိုးတက်ခဲ့ပါသလဲ"။ ဥပမာ တစ်ခုပေါ့။ Taylor Swift က ကျွန်မ အကြိုက် ဆုံး အဆိုတော်တွေထဲက တစ်ယောက်ပါ။ သူက သီချင်းတွေကို သူကိုယ်တိုင် ဇာတ်လမ်းလေးတွေနဲ့ ဆို တဲ့ country အဆိုရှင်ပါ။ အဲ့လို တီးလုံး သံစဉ်တွေ ဖန်တီးဖို့ဆိုတာ ဂီတကိရိယာ တစ်ခုခု တီးတက် ရတယ်။ Taylor Swift က ဂစ်တာ နဲ့ စန္ဒယား ကောင်းကောင်း တီးတက်ပါတယ်။ ဒီတော့ နောက်ထပ် မေးခွန်း တစ်ခုက ထပ်လာပါတယ်။ ဘာကြောင့် မြန်မာအဆိုတော်တွေ Taylor Swift လိုမျိုး မတီးတတ် ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ဒီလို အနုပညာ ဂီတကိရိယာ တွေကိုတီးဖို့ ဘယ်ခုနှစ်က စတင်ပြီး လူကြီးမိဘတွေက တိုက်တွန်းခဲ့တာလဲ။ တကယ်ပါရမီရှိတဲ့သူဆိုရင်တောင် လူကြီးမိဘတွေက ငွေအား၊ လူအား၊ စိတ်အား ဘာနဲ့မှကို အားပေးခဲ့တာမဟုတ်ပါဘူး။ စာမှ စာ။ စာတတ်မှ လူရာဝင်မှာ ဖြစ်ခဲ့ကြတာ မဟုတ်လား။ အနုပညာသမားဆိုတာ ဖက်ခွက်စားဆိုတဲ့ စကားတောင် ဖြစ်ခဲ့သေးတယ်။ ဒီတော့ generation တစ်ခုနဲ့ တစ်ခုကြားမှာ ပြောင်းလဲဖို့ဆိုတာ ခက်ပါတယ်။ ဒါကို "နိုင်ငံခြားမှာနေတဲ့ ငါက ငါ့နိုင်ငံရဲ့ သီချင်းတွေ အဆိုတော်တွေကို တခြားသူကို ပြရမှာ ရှက်တယ်" ဆိုတဲ့ စကားဟာ အများကြီး တာပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကားလို နိုင်ငံနဲ့ ဖွံ့ဖြိုးဖို့ ရုန်းကန်နေတဲ့ မြန်မာနိုင်ငံနဲ့ နှိုင်းပြီး မရှက်ပါနဲ့။ ရှက်တတ်မယ်ဆိုရင် တကယ်မဖွံ့ဖြိုးဘဲ ငါလူကြီး ငါ့စကားအမှန် ဖြစ်ခဲ့တာကို ရှက်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ လူငယ်တွေက တဖြည်းဖြည်းနဲ့ ကိုယ့်သီချင်း ကိုယ်ရေးနိုင်အောင် လုပ်လာကြပါပြီ။ ပရိသတ်က အနုပညာသမားကို ချစ်မှ အနုပညာသမားက ပိုကြိုးစားချင်မှာပါ။ အခုတော့ youtube ကြည့်လိုက်ရင် အောက်က comment တွေက မကောင်းတွေချည်းပဲ။ ကြည့်နေတဲ့ video က စိတ်ပျက် စရာမကောင်းဘဲ သူများကို လက်ညိုးထိုးဝေဖန်တတ်တဲ့ မြန်မာတစ်ချို့ရဲ့ စိတ်က ပိုစိတ်ပျက်စရာကောင်း ပါတယ်။
အဲ့လိုနဲ့ အဆိုတော်လေးတွေ တိုတိုလေးတွေ ၀တ်လာတယ်။ သီချင်းနဲ့ အကတွေ ပါလာတယ်။ တခြားနို င်ငံလို မော်ဒန် အကတွေဖြစ်လာတယ်။ ဒါတွေနဲ့ပဲ မြန်မာနိုင်ငံက အရှက်မရှိ ဖြစ်လာရရောလား။ ကျွန်မကတော့ သူတို့ရဲ့ လုပ်ရပ်က မှားတယ်လို့ လုံးဝမယူဆပါဘူး။ အစွန်းရောက်ပြီး တအားကိုဖော်တဲ့ မိန်းကလေးတွေ ရှိသလို တစ်ချို့အ၀တ်အစားက မထင်မှတ်ဘဲ ဖြစ်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါပေ မယ့် သူတို့စိတ်ထဲကမှာ "ငါဟာ မြန်မာမိန်းကလေး တစ်ယောက်ပါ" ဆိုတဲ့ စိတ်တော့ သေချာပေါက် ရှိမှာပါ။ ဒါဆို ဘာလို့ ဒီလိုတွေဝတ်လဲ မေးနိုင်ပါတယ်။ လူတွေထဲမှာ အသစ်အသစ်ကို ကြိုက်တဲ့လူရှိသလို အဟောင်းထဲက မထွက်နိုင်တဲ့ သူဆိုတာလည်း ရှိပါတယ်။ ဒီလိုဖြစ်တာဟာ ကျွန်မတို့ နိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။ အနီးဆုံး ကိုရီးယားဆိုလည်း သူတို့မှာ ရိုးရာ အ၀တ်အစားနဲ့ သံစဉ် အကတွေလည်း ရှိတာပဲ။ လူကြီးပိုင်းဟာ ငြိမ့်ငြိမ့်လေးနဲ့ ယဉ်ယဉ်တဲ့ မြန်မာ ဂီတ၊ ဖျော်ဖြေမှုကို သဘောကျသလို လူငယ် ဟာ လူငယ်ဆန်တဲ့ အနုပညာကို သဘောကျတာ သဘာဝကျပါတယ်။ နိုင်ငံတကာမှာလည်း နိုင်ငံတိုင်းရဲ့ ဂီတကို ခေတ်သစ် ဆန်းထွင်မှုနဲ့ ထိုးဖောက်နေကြတာပါ။ ဆိုးတာရှိသလို ကောင်းတာလည်း ရှိမယ်။ မျက်လုံးနဲ့ ကွက်တိဖြစ်တာရှိသလို ထော်လော်ကန့်လန့် ဖြစ်နေတာလည်း ရှိမယ်။ ဒီတော့ ဒို့ မြန်မာ အချင်းချင်း ဝေဖန်ကြမယ်ပေါ့။ အပြုသဘောနဲ့ ဝေဖန်ခြင်းသာ တိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ ကျွန်မမြင်ရသလောက်ကတော့ ဝေဖန်မှုတိုင်းမှာ ပုဂ္ဂိုလ်ရေးအစွဲတွေဟာလည်း ပါလာပါတယ်။ ဒီတစ် ယောက်ကိုတော့ ကြည့်လို့ မရဘူး... သူ ဘာလုပ်လုပ် တစ်ခုမဟုတ် တစ်ခု မကောင်းပြောပြီး ၀ိုင်း ဟောင်ကြတာကိုသာ မြင်နေရပါတယ်။ တော်တော် ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါတယ်။ အနုပညာ သမားဖြစ်ဖို့ ဗီဇလိုပါတယ်။ တစ်ချို့က ဖြစ်ချင်တယ်။ ဒါပေမယ့် ပါရမီမပါတော့ အားစိုက်ထုတ်တယ်။ လက်ဆုပ်လက်ကိုင်ပြလို့ရအောင် လုပ်နိုင်တာဟာ ကောင်းတယ်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ အားစိုက် ထုတ်ရတာချည်းပါပဲ။ ကြိုးစားမှုကို အသိအမှတ်ပြုရင်း အပြုသဘော ဝေဖန်မယ်ဆိုရင် နှစ်ဖက်စလုံးအ တွက် အကျိုးရှိနိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အဓိက အားနည်းချက်ဟာ မကောင်းမြင်ဝါဒ (optimism) ကိုလက်စွဲမဖြုတ်နိုင်ခြင်းဖြစ်ပါတယ်။ မကောင်းမြင်ဝါဒကို ကျင့်သုံးသူတွေဟာ အတွေးအခေါ်အသစ်တွေ ကို အသိအမှတ်မပြုချင်ပါဘူး။ နိုင်ငံတစ်ခု ပိုပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ ကောင်းသော ပြောင်းလဲခြင်းကို လက်ခံပြီး မကောင်းမြင်ဝါဒကို တိုက်ထုတ်ပစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။
nunki (နန်ကီ)
0 comments:
Post a Comment