Friday, December 28, 2012 0 comments

ဘ၀တစ်ကွေ့

မိဘရဲ့ အတောင်အောက်မှာရှိခဲ့တဲ့အချိန်တွေမှာ ဘယ်လောက်ပဲစိတ်ဆင်းရဲစရာကြုံခဲ့ပါစေ တနည်းတဖုံငြိမ်းချမ်းခဲ့သည်ဆိုတာကို တကယ်တစ်ယောက်တည်း ရုန်းကန်မှနားလည်ခဲ့ပါသည်။ ပတ်ဝန်းကျင်က ကိုယ့်ကိုပုတ်ခတ်ချင်ရင်တောင်မှ မိဘရဲ့ အရှိန်အ၀ါ၊ အကာအကွယ်တွေနဲ့ ရှောင်တိမ်းနိုင်ခဲ့သလို အရောင်ပါးခဲ့သည်။ ကိုယ့်ကိုရှုတ်ချချင်တဲ့ တစ်စုံတစ်ယောက်ကလည်း မိဘရဲ့မျက် နှာကြာင့် ကျွန်မတို့ကို ပြုံးပြကြခဲ့လိမ့်မည်။ သစ္စာဖောက်ကာ နောက်ကျောမှ ဓါးနဲ့ထိုးချင်သူများက ကျွန်မနဲ့သူတို့ရရှိမယ့် အခွင့် အရေးကို သေချာချိန်မျှရင်း သည်းခံခဲ့ကြလိမ့်မည်။ လောကကြီးက တကယ်ကိုထင်သလောက် မရိုးရှင်းသလို မှောင်လည်းမှောင် မိုက်လှသည်။ မိဘရဲ့ ဂုဏ်၊ ချမ်းသာကြွယ်ဝမှု၊ အရှိန်အ၀ါတွေ အားလုံးကို ခွါချပြီး လောကကို တစ်ယောက်တည်းရင်ဆိုင်တဲ့အခါ လူတွေရဲ့မျက်နှာဖုံးတွေက ထင်တာထက် လျင်မြန်စွာကွာကျသွားတတ်ကြသည်။ အဲ့အခါမှ လောကကြီးရဲ့ အကျည်းတန်ခြင်းကို မြင်ရလေသည်။ 

ကျွန်မတို့ မွေးကတည်းက ပထမဆုံးထိတွေ့ရသူတွေက ကျွန်မတို့နှင့် တသွေးသားထဲစီးဆင်းနေတဲ့ မိဘနဲ့ မောင်နှမတို့ဖြစ်သည်။ မိဘဟာ ကျွန်မတို့ဘယ်လိုပဲ ချုပ်ချယ်ပါစေ၊ ဘယ်လိုပဲ ကြိမ်းမောင်းပါစေ ဒါဟာသူတို့ရဲ့ ချစ်မေတ္တာဖြစ်သည်။ လူတိုင်းဟာအမှား နဲ့မကင်းနိုင်သလို မိဘတွေဟာလည်း လူထဲက လူတွေပဲဆိုတာ ကျွန်မတို့မမေ့သင့်ဘူး။ ဒါပေမယ့် သူတို့ရဲ့အမှားဟာ စိုးရိမ်စိတ်၊ ကာကွယ်ပေးလိုစိတ် နဲ့ ဂရုဏာစိတ်တွေကြောင့်သာဖြစ်သည်။ သူတို့ရဲ့ ချုပ်ချယ်မှုကြောင့် ကျွန်မတို့ လမ်းမှားသို့ ရောက်ကောင်း ရောက်နိုင်သည်ကို လက်ခံသော်လည်း လမ်းမှားကိုရွေးချယ်တဲ့ ကျွန်မတို့ရဲ့ အသိဥာဏ်၊ မိဘမေတ္တာကို နားမလည်နိုင်သော ကျွန်မတို့ရဲ့ ဆင်ခြင်တုံတရားကိုသာအပြစ်ဖို့သင့်သည်ဟုထင်သည်။ နောက်ထပ် သွေးချင်းနီးသော်လည်း တကျက်ကျက်ရန်ဖြစ် တတ်သော မောင်နှမများလည်းရှိသေးသည်။ ဘယ်လောက်ပဲ သူတို့အပေါ် စိတ်ဆိုး၊စိတ်ပျက်ပါစေ တကယ်အရေးကြုံလျှင် တကယ်သွေးနီးတာမောင်နှမသာဖြစ်သည်ကိုကိုယ်တိုင်ကြုံတွေ့ရသည်။ ကျွန်မတို့မှာရှိတဲ့အမဟာ ရည်းစားခိုးထားချိန်မှာ မိဘကို ပြန်လည်တိုင်ပြောတတ်သော အမ ဖြစ်ကောင်းဖြစ်မည်။ တိတ်တခိုးရေးထားတဲ့ ဒိုင်ယာရီကို ခိုးခိုးဖတ်တတ်သော အမဖြစ် ကောင်းဖြစ်မည်။ အကိုဆိုလည်း နောက်ကတကောက်ကောက်လိုက်ကာ ချုပ်ချယ်တတ်သော အကိုဖြစ်ကောင်းဖြစ်မည်။ ကျွန်မ တို့ ကြိုက်တဲ့အရာတွေကိုမှ လုယူတတ်တဲ့ မောင်တွေ၊ ညီမတွေလည်း ရှိကောင်းရှိဦးမည်။ သို့သော် သူတို့ဟာ ကျွန်မအတွက်က တော့ ကျွန်မငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာကို ရှာတွေ့နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ 

Monday, December 24, 2012 0 comments

သို့ ဒီဇင်ဘာ





နင်ရောက်လာတိုင်း နယူးယော့ခ်မြို့ကြီးဟာရာသီဥတုဒါဏ်ကြောင့် လျှောက်လာလေရာလမ်းအကွေ့အချိုးတိုင်းမှာ သစ်ပင်တွေကဝေဆာမှုရပ်ဆဲပြီး ခြောက်သွ့ကာ
တစ်စတစ်စ ကြွေကျကုန်လေပြီ။ နင့်ကိုချစ်ပေမယ့် နင့်ကိုတွေ့တိုင်းငါရဲ့ခံစားချက်တွေ ခြောက်ခမ်းကုန် ရတာဘာကြောင့်လဲဆိုတာ နဖူးပေါ်လက်တင်စဉ်း စားတိုင်း အဖြေမထွက်ခဲ့ဘူးဟာ။ လှပတဲ့အချစ်တစ် ခုကို ဖန်တီးပေးခဲ့သလို သင်ခန်းစာတွေ တစ်ပုံတစ် ပင်ကြီး နာကျင်စေခဲ့တဲ့ နင့်ကို စိတ်နာရပြန်တယ်။


ဒီဇင်ဘာရာ...နင့်ကိုပြောပြချင်တာတွေများလွန်းလို့ အတွေးတွေကိုလိုက်ဖမ်းရတာအမော။ဒီဇင်ဘာဆိုတဲ့ နင့်နာမည်ကြားတိုင်း ဝှေ့တိုက်လာတဲ့လေပြေနဲ့ နှင်းဖတ်ကလေးတွေကိုအတူဒွန်တွဲမြင်လာသလို ဒီဇင်ဘာ နဲ့နာကျင်မှုကိုလည်း ငါတွဲခံစားမိလျက်သား ဖြစ်ဖြစ်သွားတယ်။ဒီနှစ်မှာတော့ငါတကိုယ်တည်းပေါ့။ စိတ်မပူ နဲ့..ငါဝမ်းမနည်းပါဘူး။ ငါချစ်တဲ့ငါ့မိသားစုနဲ့ ငါ့သူငယ်ချင်းတွေဟာ ငါ့နှလုံးသားထဲမှာအမြဲရှိသလို အတွေး ချင်းလည်းအမြဲနီးစပ်နေမှာပဲ။ တစ်ခါတစ်လေမှာ ကိုယ့်ကိုမချစ်တဲ့သူ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးမထား တဲ့သူနဲ့ မှားယွင်းစွာအတူရှိနေမယ့်အစား တစ်ကိုယ်တည်းဆိုတဲ့ဝေါဟာရက ပိုပြီးလှပပါသေးတယ်။ ငါမှန် ချင်တယ်ဟာ။
 
;