Tuesday, March 20, 2012 2 comments

Ground Pork & String Beans


ဟင်းချက်ရင် ဖျတ်ခနဲ အတွေးတစ်ခုဝင်လာတယ်။ ကျွန်မက ဟင်းချက်ကောင်းလှတဲ့ မိန်းကလေးတစ် ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေ မအားလပ်တဲ့ကြားက အချိန်ယူ ချက်ရသူတွေအတွက် လွယ်ကူပြီး စားကောင်းမယ့် ဟင်းလေးတွေကို ရှယ်လိုက်ပါတယ်။ 

လိုအပ်တာတွေကတော့ ။ ။ မွမွချေထားတဲ့ ၀က်သား၊ ပဲသီးစိမ်း၊ ဆား၊ ဆီ၊ တရုတ်ငံပြာရည်၊ ကြက်သွန်ဖြူ၊ အသားမှုန့်၊ ငရုတ်ကောင်း။


ပထမဆုံး ပဲသီးစိမ်းကို စောင်းစောင်းလေးတွေလှီးပါ။ ကြက်သွန်ဖြူကိုတော့ ပြားရိုက် ဒါမှမဟုတ် လှီးချင် သလိုသာလှီးပါ :D ဒီမှာကတော့ ၀က်သားကို ကြိတ်ပြီးသား ground pork ဆိုပြီး ၀ယ်လို့ရပါတယ်။ စချက်မယ်ဆိုရင် ကြက်သွန်ဖြူကို ဆီသပ်ပါ။ ပြီးရင် မွမွချေထားတဲ့ ၀က်သားကို ထည့်ပြီး တစ်စစီဖြစ် အောင်ဇွန်းနဲ့ ဖြတ်တောက်မွှေပေးပါ။ ၀က်သားမနံစေဖို့ ကျွန်မကတော့ ငရုတ်ကောင်းနဲနဲ ထည့်ပါတယ်။ ပြီးရင် အ သားက အပေါ့စေဖို့ ဆားနည်းနည်းထည့်ပါတယ်။ အရောင်လေးလှအောင် ငံပြာရည် နည်းနည်း ထည့်ဖြစ်ပါတယ်။ ၀က်သားက အကြာကြီးထားစရာမလိုပါဘူး။ အရမ်းကြာရင် ၀က်သားမာသွားမှာစိုးလို့ပါ။ နီပြီဆို လှီးထားတဲ့ ပဲသီးစိမ်းကိုထည့်ပြီး မွှေလိုက်ပါ။ ပဲသီးစိမ်းနူးအောင် ရေနည်းနည်းထည့်ချင်ထည့်ပါ။ (အဲ့ဒါက ဆီအနည်းအများပေါ်မူတည်ပါတယ်)။ ပဲသီးနူးပြီး ရေခမ်းသွားပြီဆိုရင် စားလို့ရပြီပေါ့။ မြန်တယ်နော်။ :D 





ကဲ ကျွန်မလည်း ဗိုက်အရမ်းဆာလို့ တီးလိုက်တော့မယ်။ 

nunki (နန်ကီ)



Monday, March 19, 2012 0 comments

မြန်မာရဲ့ ဂီတလောကနှင့် ကျွန်မရဲ့ အမြင်


မြန်မာပြည်ရဲ့ ဂီတလောကဟာ စုပ်ပြတ်သတ်ပြီး အရှက်မရှိတာတွေလုပ်၊ ကော်ပီတွေ ပလူပျံနေတာပဲလို့ လူတွေက အပ်ကြောင်းထပ်ပြီးရင် ထပ်ကာ ထပ်ကာ ပြောဆိုနေတာကို အများကြီး မြင်ရ ကြားနေရပါ တယ်။ ဟုတ်ပါတယ် ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ စကားတိုင်း အလုပ်တိုင်းမှာ "ဒါပေမယ့်" ဆို တာအမြဲရှိပါတယ်။ ဒီတော့ ကျွန်မလည်း ဒီမှာ "ဒါပေမယ့်" ဆိုတာကို မြင်တာလေးတွေ ပြောချင်ပါတယ်။

ပထမဆုံးကတော့ ကော်ပီတွေ ကိစ္စပေါ့။ အဲ့ဒီ့ ကိစ္စဟာ အခုထိ နိုင်ငံတကာ အထိပါ ပြန့်လာပါပြီ။ ဟိုတလောမှ နိုင်ငံခြားသား တစ်ယောက်က ကျွန်မတို့ နိုင်ငံကို ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ကျွန်မတို့ နိုင်ငံရဲ့ ကော်ပီ သီချင်းတွေအကြောင်းကို ပြောသွားပါတယ်။ ဟုတ်ပါတယ် ဒါဟာ ရှက်စရာပါ။ ဒါပေမယ့် သီချင်းတစ်ပုဒ်ကို သံစဉ်ရော၊ စာသားပါ ရေးတာဟာ တေးရေးတွေရဲ့ တာဝန်ပါ။ မြန်မာနိုင်ငံရဲ့ အဆိုတော် ဦးရေဟာ ဘယ်လောက်ရှိလဲဆိုတာ သိကြပါသလား။ အဲ့ဒီ့နောက်မှာ တေးရေးဆရာကော ဘယ်နှစိယောက်ရှိပါသလဲ။ နိုင်ငံခြားမှာကတော့ ကိုယ်တိုင်တီး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုကြတာများပါတယ်။ ဖန်တီးတဲ့ နည်းလမ်းကိုက မတူပါဘူး။ ဒီတော့ ဘာလို့ အဆိုတော်တွေ ကိုယ်တိုင်မရေးကြတာလဲ မေးကောင်း မေးပါမယ်။ ကျွန်မကလည်း မေးခွန်းတစ်ခွန်းပြန်မေးချင်ပါတယ်။ "ကျွန်မတို့ နိုင်ငံရဲ့ အနုပညာဟာ ဘယ်လောက်တိုးတက်ခဲ့ပါသလဲ"။ ဥပမာ တစ်ခုပေါ့။ Taylor Swift က ကျွန်မ အကြိုက် ဆုံး အဆိုတော်တွေထဲက တစ်ယောက်ပါ။ သူက သီချင်းတွေကို သူကိုယ်တိုင် ဇာတ်လမ်းလေးတွေနဲ့ ဆို တဲ့ country အဆိုရှင်ပါ။ အဲ့လို တီးလုံး သံစဉ်တွေ ဖန်တီးဖို့ဆိုတာ ဂီတကိရိယာ တစ်ခုခု တီးတက် ရတယ်။ Taylor Swift က ဂစ်တာ နဲ့ စန္ဒယား ကောင်းကောင်း တီးတက်ပါတယ်။ ဒီတော့ နောက်ထပ် မေးခွန်း တစ်ခုက ထပ်လာပါတယ်။ ဘာကြောင့် မြန်မာအဆိုတော်တွေ Taylor Swift လိုမျိုး မတီးတတ် ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ဒီလို အနုပညာ ဂီတကိရိယာ တွေကိုတီးဖို့ ဘယ်ခုနှစ်က စတင်ပြီး လူကြီးမိဘတွေက တိုက်တွန်းခဲ့တာလဲ။  တကယ်ပါရမီရှိတဲ့သူဆိုရင်တောင် လူကြီးမိဘတွေက ငွေအား၊ လူအား၊ စိတ်အား ဘာနဲ့မှကို အားပေးခဲ့တာမဟုတ်ပါဘူး။ စာမှ စာ။ စာတတ်မှ လူရာဝင်မှာ ဖြစ်ခဲ့ကြတာ မဟုတ်လား။ အနုပညာသမားဆိုတာ ဖက်ခွက်စားဆိုတဲ့ စကားတောင် ဖြစ်ခဲ့သေးတယ်။ ဒီတော့ generation တစ်ခုနဲ့ တစ်ခုကြားမှာ ပြောင်းလဲဖို့ဆိုတာ ခက်ပါတယ်။ ဒါကို "နိုင်ငံခြားမှာနေတဲ့ ငါက ငါ့နိုင်ငံရဲ့ သီချင်းတွေ အဆိုတော်တွေကို တခြားသူကို ပြရမှာ ရှက်တယ်" ဆိုတဲ့ စကားဟာ အများကြီး တာပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကားလို နိုင်ငံနဲ့ ဖွံ့ဖြိုးဖို့ ရုန်းကန်နေတဲ့ မြန်မာနိုင်ငံနဲ့ နှိုင်းပြီး မရှက်ပါနဲ့။ ရှက်တတ်မယ်ဆိုရင် တကယ်မဖွံ့ဖြိုးဘဲ ငါလူကြီး ငါ့စကားအမှန် ဖြစ်ခဲ့တာကို ရှက်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ လူငယ်တွေက တဖြည်းဖြည်းနဲ့ ကိုယ့်သီချင်း ကိုယ်ရေးနိုင်အောင် လုပ်လာကြပါပြီ။ ပရိသတ်က အနုပညာသမားကို ချစ်မှ အနုပညာသမားက ပိုကြိုးစားချင်မှာပါ။ အခုတော့ youtube ကြည့်လိုက်ရင် အောက်က comment တွေက မကောင်းတွေချည်းပဲ။ ကြည့်နေတဲ့ video က စိတ်ပျက် စရာမကောင်းဘဲ သူများကို လက်ညိုးထိုးဝေဖန်တတ်တဲ့ မြန်မာတစ်ချို့ရဲ့ စိတ်က ပိုစိတ်ပျက်စရာကောင်း ပါတယ်။ 

အဲ့လိုနဲ့ အဆိုတော်လေးတွေ တိုတိုလေးတွေ ၀တ်လာတယ်။ သီချင်းနဲ့ အကတွေ ပါလာတယ်။ တခြားနို င်ငံလို မော်ဒန် အကတွေဖြစ်လာတယ်။ ဒါတွေနဲ့ပဲ မြန်မာနိုင်ငံက အရှက်မရှိ ဖြစ်လာရရောလား။ ကျွန်မကတော့ သူတို့ရဲ့ လုပ်ရပ်က မှားတယ်လို့ လုံးဝမယူဆပါဘူး။ အစွန်းရောက်ပြီး တအားကိုဖော်တဲ့ မိန်းကလေးတွေ ရှိသလို တစ်ချို့အ၀တ်အစားက မထင်မှတ်ဘဲ ဖြစ်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါပေ မယ့် သူတို့စိတ်ထဲကမှာ "ငါဟာ မြန်မာမိန်းကလေး တစ်ယောက်ပါ" ဆိုတဲ့ စိတ်တော့ သေချာပေါက် ရှိမှာပါ။ ဒါဆို ဘာလို့ ဒီလိုတွေဝတ်လဲ မေးနိုင်ပါတယ်။ လူတွေထဲမှာ အသစ်အသစ်ကို ကြိုက်တဲ့လူရှိသလို အဟောင်းထဲက မထွက်နိုင်တဲ့ သူဆိုတာလည်း ရှိပါတယ်။ ဒီလိုဖြစ်တာဟာ ကျွန်မတို့ နိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။ အနီးဆုံး ကိုရီးယားဆိုလည်း သူတို့မှာ ရိုးရာ အ၀တ်အစားနဲ့ သံစဉ် အကတွေလည်း ရှိတာပဲ။ လူကြီးပိုင်းဟာ ငြိမ့်ငြိမ့်လေးနဲ့ ယဉ်ယဉ်တဲ့ မြန်မာ ဂီတ၊ ဖျော်ဖြေမှုကို သဘောကျသလို လူငယ် ဟာ လူငယ်ဆန်တဲ့ အနုပညာကို သဘောကျတာ သဘာဝကျပါတယ်။ နိုင်ငံတကာမှာလည်း နိုင်ငံတိုင်းရဲ့ ဂီတကို ခေတ်သစ် ဆန်းထွင်မှုနဲ့ ထိုးဖောက်နေကြတာပါ။ ဆိုးတာရှိသလို ကောင်းတာလည်း ရှိမယ်။ မျက်လုံးနဲ့ ကွက်တိဖြစ်တာရှိသလို ထော်လော်ကန့်လန့် ဖြစ်နေတာလည်း ရှိမယ်။ ဒီတော့ ဒို့ မြန်မာ အချင်းချင်း ဝေဖန်ကြမယ်ပေါ့။ အပြုသဘောနဲ့ ဝေဖန်ခြင်းသာ တိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ ကျွန်မမြင်ရသလောက်ကတော့ ဝေဖန်မှုတိုင်းမှာ ပုဂ္ဂိုလ်ရေးအစွဲတွေဟာလည်း ပါလာပါတယ်။ ဒီတစ် ယောက်ကိုတော့ ကြည့်လို့ မရဘူး... သူ ဘာလုပ်လုပ် တစ်ခုမဟုတ် တစ်ခု မကောင်းပြောပြီး ၀ိုင်း ဟောင်ကြတာကိုသာ မြင်နေရပါတယ်။ တော်တော် ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါတယ်။ အနုပညာ သမားဖြစ်ဖို့ ဗီဇလိုပါတယ်။ တစ်ချို့က ဖြစ်ချင်တယ်။ ဒါပေမယ့် ပါရမီမပါတော့ အားစိုက်ထုတ်တယ်။ လက်ဆုပ်လက်ကိုင်ပြလို့ရအောင် လုပ်နိုင်တာဟာ ကောင်းတယ်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ အားစိုက် ထုတ်ရတာချည်းပါပဲ။ ကြိုးစားမှုကို အသိအမှတ်ပြုရင်း အပြုသဘော ဝေဖန်မယ်ဆိုရင် နှစ်ဖက်စလုံးအ တွက် အကျိုးရှိနိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အဓိက အားနည်းချက်ဟာ မကောင်းမြင်ဝါဒ (optimism) ကိုလက်စွဲမဖြုတ်နိုင်ခြင်းဖြစ်ပါတယ်။ မကောင်းမြင်ဝါဒကို ကျင့်သုံးသူတွေဟာ အတွေးအခေါ်အသစ်တွေ ကို အသိအမှတ်မပြုချင်ပါဘူး။ နိုင်ငံတစ်ခု ပိုပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ ကောင်းသော ပြောင်းလဲခြင်းကို လက်ခံပြီး မကောင်းမြင်ဝါဒကို တိုက်ထုတ်ပစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။

nunki (နန်ကီ) 
Friday, March 2, 2012 0 comments

ရွေးချယ်မှု



ဘ၀မှာတန်ဖိုးထားတဲ့အရာနဲ့ လိုချင်တာအရာ ထပ်တူမကျရင် သင်ဘာလုပ်လေ့ရှိပါသလဲ။ နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆိုရင် ပိုလို့တောင် ခက်ပါသေးတယ်။ ဒါ့အပြင် လိုချင်တာနဲ့ ဖြစ်လာတာနဲ့ ထပ်တူမကျ တာလည်း ရှိသေးတယ်။ ခက်ပါတယ်... ဘ၀ဆိုတာ...

ကျွန်မမှာ မှတ်မှတ်ရရ ဂါဝန်နှစ်ထည် ရှိခဲ့ဖူးတယ်။ အဲ့တုန်းက သိတတ် ခွဲခြားဖို့ အရမ်းငယ်သေးတဲ့ အ ချိန်ပေါ့။ တစ်ထည်က တစ်နှစ်မှာ ၅ ခေါက်လောက် သာမိသားစုကို လာတွေ့နိုင်တဲ့ အဖေ၀ယ်ပေး ထား တဲ့ ရွှေရောင်ဂါဝန်လေးပေါ့။ လှလည်းလှ ချစ် အဖေ က ၀ယ်ပေးတာဆိုတော့ မ၀တ်ဘဲ သိမ်းထား ရင်း အလှကြည့်ရတာပဲကြိုက်တယ်။ နောက်တစ်ထည် ကတော့ အနီရောင် ဂါဝန်လေး။ အဲ့ဂါဝန်လေး က သာမန်ပါပဲ။ ဒါပေမယ့် အဲ့ဂါဝန်ဝတ်လိုက်ရင် ကျွန်မ ပိုလှလာတယ်လို့ ထင်ရတာကြောင့် ဒီနေ့လျှော် မနက်ဖြန်ဝတ်နဲ့ တစ်ရက်ခြား နီးပါးကို ၀တ်နေခဲ့ တယ်။ ကြာလာတော့ ဂါဝန်လေး နွမ်းနွမ်းလာတာပေါ့။ ဒါပေမယ့် ရွှေရောင် ဂါဝန်လေးကို ဘယ် တော့မှ မ၀တ်ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ အနီရောင် ဂါဝန်လေးကို ၀မ်းနည်းစွာပဲ စွန့်ပစ်လိုက် ရတော့တယ်။ ဒါ ပေမယ့် အသက်ကကြီးပြီး လူကောင်က ထွားလာတော့ အ၀ါရောင် ဂါဝန်လေး ကလည်း မတော်တော့ပါဘူး။ ကျွန်မ နှစ်ထည်လုံးကို ကျွန်မခန္ဓာကိုယ်နဲ့ တော်နေသေးတဲ့အထိ လှည့်ပြီး ၀တ်ခဲ့သင့်တာနော်။ 

Multiple Choices မေးခွန်းတွေ ခဏခဏဖြေဖူးတဲ့သူတွေဆိုရင် ကျွန်မဖြစ်သလိုမျိုး ဖြစ်ဖူးကြမှာပဲ။ မေး ခွန်းက ရွေးရတာမှ a) b) c) d) ရယ်ပါ။ ဒါပေမယ့် များသောအားဖြင့် လေးခုထဲကမှ အဖြေ နှစ်ခုလောက်က မှန်တယ်လို့ စိတ်ထဲမှာ ထင်နေတတ် တယ်။ နှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုဆိုတာတော့ သိနေတာပါပဲ။ ဒါ ဟာ intuition နဲ့ အများကြီးဆိုင်တယ်လို့ ဆိုကြပါတယ်။ ကျွန်မက တော့ ကျွန်မရွေးလိုက်တဲ့ အဖြေက များသောအားဖြင့် အမှားဖြစ် နေတတ်ပါတယ်။ကျောင်းသား/သူ တော်တော်များများက စာတွေ အများကြီး မရေးရတဲ့ multiple choices ကို အရမ်းကြိုက်ကြ ပါတယ်။ ကျွန်မကတော့ အရမ်းမုန်းပါတယ်။ အဲ့လို နှစ်ခုထဲက တစ်ခုရွေးရမယ်ဆိုရင် ကျွန်မ ဘာလို့ အမှားကို ရွေးမိတာလဲ။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ ငါရွေးချင်တာကို မရွေးဘဲ မရွေးချင် တာကို ရွေးလိုက်သင့်တာလို့။

အချစ်ဆိုတဲ့ ၀င်္ကာပါထဲမှာ ကျင်လည်ဖူးသူတွေမှာ ကိုယ်တန်ဖိုးထားတဲ့သူနဲ့ ကိုယ်လိုချင်တဲ့သူဟာ တစ် ထပ်ထဲ အမြဲကျပါသလား။ တစ်ချို့က ဆိုကောင်းဆိုမယ်။ အဲ့လို တစ်ထပ်တည်းကျမှ အချစ်စစ်ဆိုတာနဲ့ တွေ့ပြီလို့။ အချစ်ဆိုတာ ဘာလဲဆို တာလည်း ကျွန်မမသိဘူး။ ဒီလိုခေတ်မှာ အချစ်ဆို တာ ရှိသေး လားတောင် မသေချာတော့ပါ ဘူး။ ဒါ ကြောင့်လည်း အချစ်ဆိုတာ ၀င်္ကာပါကြီး ဖြစ်မှန်းမ  သိ ဖြစ်လာခဲ့ တာနေမယ်။ အခုဆို ကျွန်မမှာ ရွှေ ရောင်ဂါဝန်လေးလို့ တန်ဖိုးထားရတဲ့သူ တစ်ယောက် ရှိနေခဲ့ပါပြီ။ သူ ကျွန်မအပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်မ သူ့ကိုပဲ တွယ်ကပ် နေတယ်။ ဘာကြောင့် မှန်းမသိ။ ရွှေရောင်ဂါဝန်လေး ကို ၀တ်ဖို့ မစဉ်းစားမိသလို သူ့ကို ကျွန်မ ချစ်သူဖြစ် လာဖို့လည်း မစဉ်းစား မိသေးပါဘူး။ ရွှေရောင်ဂါဝန်ဟာ ကျွန်မနဲ့ တကယ်လိုက်ဖက်ပါ့မလားမသိသလို သူနဲ့ ကျွန်မဟာလည်း တကယ် လက်တွဲနိုင်ပါ့မလား မသေချာပါဘူး။ ကျွန်မလိုချင်တဲ့သူကျတော့ အနီရောင် ဂါဝန်လေးလိုပါပဲ။ ကျွန်မ သူ့ကို ကျွန်မအနားခေါ်ထားခဲ့တယ်။ အနီရောင်ဂါဝန်က ကျွန်မပိုလှလာအောင် လုပ်ပေးနိုင်တယ်လို့ ထင်သလို သူရှိရင် ကျွန်မ ပိုအားရှိတယ်။ မှတ်မိတယ်မလား... ရွှေရောင်ဂါဝန်ကို မြတ်နိုးစိတ်ကြီးလို့ အ နီရောင် ဂါဝန်လေးကို အချိန်တိုအတွင်းမှာ စွန့်လွှတ်လိုက်ရတယ်လေ။ အခုလည်း ကျွန်မ မြတ်နိုးတဲ့သူ တစ်ယောက်ကို "ကျွန်မ မြတ်နိုးပါတယ်" ဆိုတဲ့ စကားကြောင့် ကျွန်မလိုအပ်တဲ့သူကို စွန့်လွှတ်လိုက်ရပါပြီ။ 

Multiple Choices ရွေးသလိုပဲ ကျွန်မရဲ့ ရွေးချယ်မှုက မှားသွားပြီလား။ မသာယာပါဘူး... တောင်းဆု တစ်ခုသာ ပြည့်မယ်ဆိုရင် "မှန်သော ရွေးချယ်မှုသာ ပြုလုပ်ပါရစေ" လို့ ဆုတောင်းမိပါတယ်။

nunki (နန်ကီ)

 
;