နှစ်နှစ်နီးပါး မြန်မာပြည်ကိုစွန့်ခွာပြီးမှ မြန်မာလေကိုတစ်ခါပြန်ရူရှိုက်ခွင့်ရတာကို တော်တော်လေး ၀မ်းသာ နေမိခဲ့သည်။ လေဆိပ်ကအထွက် စက်လှေကားနဲ့ဆင်းလာရင်း လက်ဝှေ့ယမ်းပြီး ကြိုဆိုနေသည့် မိသားစု ကို ပထမဆုံးမြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့၂၀၁၀ သြဂုတ်လ၂၀မှာ မျက်ရည်လဲ့ပြီး ကျန် ခဲ့တဲ့ ကောင်လေးတစ်ယောက်ကိုမြင်ယောင်မိသည်။ "ကို... လေဆိပ်လိုက်ပို့ရင် မငိုရဘူးနော်" လို့ အ တန်တန်မှာထားသည့် ကျွန်မစကားကိုနားထောင်ပြီး အားတင်းပြုံးရင်းကျန်ခဲ့သော ချစ်သူဟောင်းကို သတိ ရရင်း ကျွန်မပြုံးမိသည်။
ကျွန်မသူ့ကိုချစ်ခဲ့တာထက် သံယောဇဉ်ပိုခဲ့သည်ဆိုရင်ပိုမှန်မည်။ လွန်ခဲ့သော၎နှစ်ကျော်လောက်က ကျွန်မ တို့ သင်တန်းတစ်ခုမှာစတွေ့သည်။ ဘေးချင်းကပ်ထိုင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာ အထူးအဆန်းတော့မ ဟုတ်။ မှတ်မှတ်ရရသူ့ကို ဇွန်လ၆ရက်နေ့ သူ့မွေးနေ့မှာ Dictionary စာအုပ်တစ်အုပ် လက်ဆောင်ပေး ရင်း အဖြေပေးခဲ့သည်။ သူစိတ်ဓါတ်ကျချိန် စိတ်ညစ်ချိန်တွေမှာ ကျွန်မရှိခဲ့သလို ကျွန်မစိတ်ညစ်ပြီး ငိုနေ သည့်အခါတိုင်း သူဘေးမှာရှိနေခဲ့သည်။ ဒီလို ဒီလိုနဲ့ တွဲခဲ့ကြတာမထင်မှတ်ဘဲ ၂နှစ်ကြာမြင့်ခဲ့သည်။ သူက ကျွန်မထားခဲ့သမျှ ရည်းစားတွေထဲမှာ နှစ်အကြာဆုံး ချစ်သူဖြစ်လိမ့်မည်။ အသက်သာကြီးလာသည်။ ၁၈နှစ်တုန်းက ထားခဲ့သည့် ရည်းစားလောက် ရေရှည်တွဲရမည့် ချစ်သူက ကျွန်မမှာ ထပ်မတွေ့နိုင်သေးပါ။ ဒါဟာ ဆုတ်ယုတ်မှုတစ်ခုလား?
စိတ်ဆိုတာ နားလည်ရခက်သလို ထိန်းချုပ်ရလည်းခက်ပါသည်။ အခုအချိန် ပြန်တွေးရင် ကျွန်မသူကို ဘာကြောင့် အဆက်ဖြတ်မိမှန်း မသိတော့ပြီ။ Long Distance Relationship (LDR) ကို ကျွန်မ ရင်မဆိုင်ရဲတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အလယ်မှာလတ်ခဲ့သည့် အဖြစ်ကိုရင်နာပြီး မိသားစုက စွန့် ခွာချင်ခဲ့သည့် ကျွန်မ... အခုလို တက်ကြွတဲ့ခြေလှမ်းနဲ့ မြန်မာပြည်ကို ပြန်လာမိလိမ့်မည်ဟု ကိုယ့်ကိုကိုယ် တစ်ခါမှမမြင်ကြည့်ခဲ့ဖူး။ မြန်မာပြည်မပြန်ချင်ခဲ့သည့်အတွက် သူနဲ့ကျွန်မတို့အချစ်ဟာ ဘယ်လိုမှ မဖြစ်နိုင် တော့ဟု ကျွန်မ တစ်ထစ်ချယုံကြည့်ခဲ့မိသည်ထင်သည်။ မြန်မာပြည်ကို ပြန်လာဖို့ တဖွဖွပြောနေတတ်တဲ့ သူ့ကို ကျွန်မ ခဏတာ မုန်းခဲ့ယောင်ရှိသည်။ တကယ်တော့ သူ့ကို ကျွန်မ မုန်းတဲ့အချက်တွေ အများကြီးရှိ ခဲ့ဖူးသည်။ နိုင်ငံအချိန်ကွားခြားမှုကြောင့် မနက်၆နာရီလောက်ထပြီး စကားပြောဖို့ စောင့်ရသည့် ကျွန်မကို မှ အားမနာ "ဂိမ်းဆော့လိုက်ဦးမယ်။ ခဏလေးစောင့်နော်" လို့ ပြောတတ်သည့် သူ့အကျင့်ကိုမုန်းသည်။ ကျွန်မရဲ့ အခြေအနေကိုနားမလည်ဘဲ ဂတိအတိုင်းတစ်နှစ်အတွင်း ပြန်မလာနိုင်ခဲ့လို့ အပြစ်တင်နေတဲ့ သူရဲ့ စွဲချက်တွေကို မုန်းသည်။ ကျွန်မတို့ရဲ့ အနာဂါတ်အတွက် လေးနက်တာတွေ ပြောနေရင် နားထောင်ပြီး မေ့ပစ်တတ်တဲ့ သူ့အကျင့်ကို မုန်းသည်။ အခုအချိန် ပြန်တွေးမိရင်လည်း မုန်းနေဆဲပါပဲ။ ဒါတွေကြောင့် သူ့ကို အဆက်ဖြတ်ခဲ့မိသည်ဟု ကျွန်မယုံကြည်ခဲ့သော်လည်း သူ့ကို ကျွန်မ တကယ်မမုန်းခဲ့ပါ။
ဝဋ်ဆိုတာ လည်တတ်ပါသည်။ အခုဆို၇င် နေရာဟောင်း၊ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရင် သူ့အကြောင်း မေးကြသည်။ အဲ့လိုပဲ ... ၂နှစ်အတွင်း သူနဲ့သွားခဲ့သည့် နေရာတွေကို ခြေချမိတဲ့အခါ သူ့ကို သတိရမိ သည်။ အရင်တုန်းက သူ့အကြောင်းအမြဲအိမ်မက်မက်တတ်သလို အခုလည်းသူ့အကြောင်းချည်းပဲ အိမ် မက်မက်တာ တစ်ပတ်မျှရှိတော့မည်။ ဆုံချင် တွေ့ချင်စိတ်နဲ့ အွန်လိုင်းမှာ သွားထိုင်စောင့်ပြီး စိတ်ပျက် လက်ပျက်နဲ့ အိမ်ပြန်ခဲ့ရပေါင်းလည်းများပါပြီ။ အခုကျွန်မခံစားနေရတာ နည်းနည်းလေးပဲဆိုတာ ကျွန်မသိ ပါသည်။ ကျွန်မ သူ့ကို ဖြတ်ခဲ့တုန်းက သူ ဘယ်လိုခံစားရမလဲ၊ ပတ်ဝန်းကျင်က ဘယ်လိုမေးကြ၊ ပြောကြမ လဲဆိုတာ တွေးမိရင် သူ့ကို ကျွန်မတောင်းပန်ချင်သည်။ သူ ကျွန်မကို ပစ်ပစ်ခါခါပြောရင်တောင် ကျွန်မ ခေါင်းမာမာနဲ့ နားထောင်ချင်သည်။ ကျွန်မကို မုန်းတယ် လို့ ပြောသွားသော ယောင်္ကျားတစ်ယောက်အပေါ် ဒီလို ခံစားချက်မျိုးဖြစ်မိတာ ဒါပထမဆုံးပါပဲ။ အခုအချိန်ပြန်တွေ့ပြီး သူ့ရဲ့ ရင့်ကျက် ပြောင်းလဲမှုကို ကျွန်မ သိချင်သည်။ အဲ့လိုပဲ ကျွန်မ ဘယ်လောက် ရင့်ကျက်လာပြီဆိုတာကို သူ့ကို သိစေချင်သည်။
တကယ်လို့ ကံမဆုံနိုင်ဖြစ်ခဲ့ရင်.... သူကျွန်မကို တကယ်မုန်းသွားခဲ့ရင်... "မုန်းလိုက်ပါ ချစ်သူ" ဟု ကျွန်မ ရေရွတ်ဖို့သာရှိပါတော့သည်။

အတိတ်ကို ခံစားလျှက်
nunki (နန်ကီ)
nunki (နန်ကီ)
0 comments:
Post a Comment